မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသားများအတွက် ဗီဇာ (၁) နှစ် ကင်းလွတ်ခွင့်ကို ဒုတိယနှစ်အဖြစ် စမ်းသပ်ခွင့်ပြုဆောင်ရွက်ပေးနေ

ဇန်နဝါရီ ၂၉

(၃) ကြိမ်မြောက် အာဆီယံ – ရုရှား ဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကို တက်ရောက်နေသည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှ အာဆီယံ – ရုရှား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအပြင် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသားများအတွက် ဗီဇာ (၁) နှစ် ကင်းလွတ်ခွင့်ကို ဒုတိယနှစ်အဖြစ် စမ်းသပ်ခွင့်ပြုဆောင်ရွက်ပေးနေမှုများ၊ ၂၀၂၃ ခုနှစ် စက်တင် ဘာလမှစ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း စတင်ပြေးဆွဲဆောင် ရွက်ခဲ့မှုများအပါအဝင် ရုရှားခရီးသွားများ ပိုမိုတိုးတက် ဝင်ရောက်ရေးအတွက် ချစ်ကြည်ရင်းနှီးမှု ခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel ၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၄ နှင့် ဆက်စပ် ဝန်ကြီးအဆင့် အစည်းအဝေးများဖြစ်သည့် အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- ရုရှားဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို “Quality and Responsible Tourism – Sustaining ASEAN Future” ခေါင်းစဉ်ဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီး Mrs. Suanesavanh VIGNAKET ၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရာက်ခဲ့ကြောင်း သိရသည်။

အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် ညပိုင်းတွင် ဗီယင် ကျန်းမြို့ရှိ Don Chan Palace Hotel ၌ ကျင်းပရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Professor Dr. Kikeo Khaikhamphi-thoune ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းဝန်ကြီး၊ အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီး များ၊ မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ များမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်နှင့် ဖိတ်ကြားထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့်တွေ့ဆုံ၍ ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၄ ကို အောင်စည်အောင်မောင်းတီး၍ ဖွင့်လှစ်ပေးကြကာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ရိုးရာနှင့် ခေတ်ပေါ်တေးဂီတအကများ၊ အစားအသောက် များနှင့် ရိုးရာချည်ထည်ဒီဇိုင်းများကို ဆန်းသစ် တီထွင် ဖန်တီးထားမှုများဖြင့် ဖျော်ဖြေဧည့်ခံကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၅ ရက်တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၄ နှင့် ဆက်စပ်ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်း အဝေးသို့တက်ရောက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်များ၊ ကနဦးစာရင်းများအရ ၂၀၂၃ ခုနှစ်တွင် အာဆီယံမှ ခရီးသွားဧည့်သည် ၉၃ ဒသမ ၇၆ သန်းဝင်ရောက်ခဲ့သည့်အနက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၁ ဒသမ ၂၄ သန်း ဝင်ရောက်ခဲ့မှု၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံမှ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၂၈) ကြိမ်မြောက် အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများအစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရန်အသင့်ဖြစ်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများအား CNN သတင်းဌာနမှ တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဖြစ်ပေါ် တိုးတက်ပြောင်းလဲနေမှုများနှင့် အနာဂတ်အလားအလာများ ရှင်းလင်းတင်ပြမှုများကို ကြည့်ရှု အားပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁၁) ကြိမ်မြောက် အာဆီယံ – အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ပြီး အာဆီယံ-အိန္ဒိယ ဒေသတွင်းပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံသို့ အိန္ဒိယခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်ရေးအတွက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးနေမှု၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရေး၊ အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအတွက် သတင်းအချက်အလက် မျှဝေရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်ရန်လိုအပ်သည်များနှင့် အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဘောင်များအလိုက်လျာထားသည့်လုပ်ငန်းစဉ်များ ပိုမိုတိုးမြှင့်ဖော်ဆောင် ရေးအတွက်ခိုင်မာသော ရန်ပုံငွေအရင်းအမြစ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ ခရီးသွား လုပ်ငန်းဖိုရမ် – ၂၀၂၄ နှင့် ဆက်စပ်ကျင်းပသည့် အာဆီယံခရီးသွားပြပွဲ၌ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသနေမှုအခြေအနေကို သွားရောက်လေ့လာကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၅အား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မလေးရှားနိုင်ငံမှ တည်ခင်းဧည့်ခံသော Malaysia Night အခမ်းအနားသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် (၂၃) ကြိမ်မြောက် အာဆီယံ- တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ရန် အဆိုပြုချက်အပေါ် ထောက်ခံသဘောတူညီကြောင်း အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 မွန်းလွဲပိုင်းတွင် Agoda မှ တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေးအတွက် ဒေသတွင်း ဟိုတယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ အား ရှင်းလင်းတင်ပြမှုများကို ကြည့်ရှုအားပေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီး သွားလုပ်ငန်းဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲသို့လည်းကောင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay SIPHANDONE နှင့် တွေ့ဆုံခြင်း အခမ်းအနားသို့လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပေးအပ်ခြင်း အခမ်းအနားနှင့် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ် – ၂၀၂၄ ပိတ်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ခဲ့သည်။

အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel Award ငါးဆု၊ ASEAN MICE Venue Standard Award (Category: Meeting Room) သုံးဆု၊ ASEAN MICE Venue Standard Award(Category: Exhi-bition Venue) နှစ်ဆု၊ ASEAN MICE Venue Stan-dard Award(Category: Event Venue) သုံးဆု၊ ASEAN Sustainable Tourism Award တစ်ဆုနှင့် ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့မှ ASEAN Clean Tourist City Award တို့ကို ရရှိခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်တွင် လာအိုနိုင်ငံ၏အထင်ကရခရီးစဉ်ဒေသဖြစ်သည့် Pha That Luang Stupa (ဖသက်လွန်ဘုရား) နှင့် ဗီယင်ကျန်းမြို့အား ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုများကို မြှင့်တင်ရန်နှင့် လာအိုနိုင်ငံ၏ ပန်းပုလက်မှုအနုပညာများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဖွင့်လှစ်ထားသော သစ်သားပန်းပုပြတိုက်တို့သို့ သွားရောက်ကာ သစ်သားများဖြင့် ထွင်းထုထားသော ပန်းပုအနုပညာလက်ရာ ခင်းကျင်းထားမှုများကို လေ့လာကြည့်ရှုပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

#PAN