အကြမ်းဖက် PDF များထောင်ထားသော မိုင်းနင်းမိ၍ ပဲနွယ်ကုန်းမြို့တွင် လူငယ်တစ်ဦးမိုင်းထိမှန်

ဇန်နဝါရီ ၂၃

ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အောင်မြေရပ်ကွက်တွင် အကြမ်းဖက် သောင်းကျန်းသူ PDF အဖွဲ့မှ ထောင်ထားသော မိုင်းအားနင်းမိ၍ သာမန်အရပ်သား လူငယ်တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ ပဲနွယ်ကုန်းမြို့ ၊ အောင်မြေရပ်ကွက်တွင် နေထိုင်သော အောင်ကိုကို အသက် ၂၉ နှစ်၊ (ဘ)ဦးလေးလွင်သည် အောင်မြေရပ်ကွက်ရှိ သုဿာန်သို့ ဇီးသီးသွားကောက်ခဲ့ရာ ယခင်ရက်ပိုင်းက အကြမ်းဖက်သောင်းကျန်းသူများ PDF အဖွဲ့က သုဿာန်မတွင်း စခန်းချပုန်းခိုနေစဥ်က ထောင်ခဲ့သော အမျိုးအစား (စိစစ်ဆဲ)မိုင်းအား တက်နင်းခဲ့မိရာမှ အောင်ကိုကိုလွင်တွင် ဝဲဘက်ခြေသလုံး ပြတ်ထွက်ဒဏ်ရာ၊ ဒူးခေါင်း မိုင်းစဝင်ဒဏ်ရာ၊ ယာခြေသလုံး မိုင်းစဝင်ဒဏ်ရာများ ရရှိ၍(အတွင်းလူနာ)အဖြစ် ဆေးကုသမှုခံနေရကြောင်း သတင်းရရှိပါသည်။

ယခင်ရက်ပိုင်းကလဲ ပဲနွယ်ကုန်းမြို့၏အထွက် သဲကောကျေးရွာတွင်လဲ အကြမ်းဖက် PDF များ ထောင်ထားသော မိုင်း ပေါက်ကွဲခဲ့မှု ကြောင့် အပြစ်မဲ့အရပ်သား တစ်ဦးသေဆုံးခဲ့ရပြီး၊ ငါးဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ တပ်မတော် စစ်ကြောင်းများအား ထိခိုက်ပျက်ဆီးစေရန် ရည်ရွယ်၍ ကျောက်တံခါးမြို့နယ်အတွင်းရှိ လူနေထူထပ်သော ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ အများပြည်သူအသုံးပြုသော လမ်းမကြီးများ၊ အဆောက်အဦးများ၊ တံတားများ၊ လမ်းသွယ်များတွင် ဗုံးများအား ထောင်းထားကြောင်း ဒေသခံပြည်သူများထံမှ နေသိရှိရပါသည်။

PAN