တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို Sight Seeing ကြည့်ရှုနိုင်ရန်အတွက် တောင်ကြီး – ပေါမူ၊ ပေါမူ – တောင်ကြီးခရီးစဉ် ရထားပြေးဆွဲမည်

ဇန်နဝါရီ ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး – ပေါမူ – တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပြေးဆွဲပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးဘူတာမှ စတင်ပြေးဆွဲပေးသည်။

တောင်ကြီး – ပေါမူခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင်ကွာဝေး၍ ပြေးဆွဲချိန်တစ်နာရီခွဲခန့်ကြာမြင့်ပြီး လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် ၃၀ နှင့် ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းကို တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးခဲ့ပြီး ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိသည်။

ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်းတစ်တွဲ၊ ရိုးရိုးတန်းလေးတွဲနှင့် ရထားထိန်းတွဲ တစ်တွဲဖြစ်ပြီး ယနေ့ခရီးစဉ်၌ တောင်ကြီးမြို့ရှိ Golden Private School မှ မူလတန်းကျောင်းသား ကျောင်းသူ ၁၇၅ ဦး၊ ကြီးကြပ်သူ ဆရာ ဆရာမ ၁၈ ဦး နှင့် ပြင်ပရထားစီးခရီးသည် ၉၂ဦး စုစုပေါင်း ၂၈၅ ဦး လိုက်ပါစီးနင်းခဲ့ကြသည်။ အဆိုပါ တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ အထက်တန်း တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀ ဖြစ်သည်။

တောင်ကြီး – ပေါမူ ခရီးစဉ်သည် တောင်ကြီးမြို့မှ စတင်ထွက်ခွာသည်နှင့် တောင်ကြီးမြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကြီးကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်းများကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင် အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယဘဝသံသရာ တံတားအား ဖြတ်သန်းစဉ် အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထားဆိုက် ရောက်ရပ်နားချိန် မိနစ် ၃၀ အတွင်း ဘူတာအထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ် (ဘဝသံသရာတံတား)ကို အပေါ်စီးမှနေ၍ ကြည့်ရှုခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရားများကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများ စသည့်တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်ခြင်းတို့ကြောင့် စိတ်လက်အေးချမ်း ပျော်ရွှင်မှုရရှိကြောင်း ရထားပေါ်တွင် လိုက်ပါစီးနင်းကြသူများထံမှ သိရသည်။

အပတ်စဉ် တနင်္ဂနွေရုံးပိတ်ရက်များ၌ အဆိုပါတောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် အထက်ပါ သတ်မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN