နိုင်ငံရေးဝါဒနှင့်လမ်းစဉ်

(ဆောင်းပါး)

မြန်မာပြည်၏ နိုင်ငံရေးသမိုင်းတွင်တို့ဗမာ အစည်းအရုံးမတိုင်မီက ပေါ်ပေါက်ခဲ့သော နိုင်ငံရေးအဖွဲ့အစည်းများသည် နိုင်ငံရေးဝါဒနှင့်လမ်းစဉ်ဟူ၍ သီးခြားသတ်မှတ် ပိုင်းခြားပြဋ္ဌာန်းထားခြင်းမရှိခဲ့ပေ။ တို့ဗမာအစည်းအရုံးခေတ်တွင်မူကား “တို့ဗမာဝါဒနှင့်လမ်းစဉ်” ဟူ၍ စနစ်တကျသီးခြားပြဋ္ဌာန်းပြီး လုပ်ဆောင်ခဲ့သည်ကိုလေ့လာတွေ့ရှိရသည်။

တို့ဗမာအစည်းအရုံးကြီး၏ အလွန်ခေတ်မီဆန်းသစ်သော နိုင်ငံရေးလုပ်နည်းလုပ်ဟန်များ၊ လူထုအားကောင်းစွာဆွဲငင်နိုင်သော ကြွေးကြော်သံများ၊ ပြောဟန်ဟောဟန် ရေးသားဝါဒဖြန့်ချိခြင်း များက တို့ဗမာသီချင်းကြီးနှင့်တကွ ဇာတိမာန်သီချင်းများကို ရေးစပ်ပြုစု၍ နိုင်ငံရေးယဉ်ကျေးမှုနှင့် စည်းကမ်းဓလေ့များကိုပါ ထူထောင်ပေးခဲ့သည်။ ယုတ်စွအဆုံးတို့ဗမာသခင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် ညာဘက်လက်ရုံး လက်သီးဆုပ်ကို ဆန့်တန်း၍ “ဟေ့—တို့ဗမာ၊ ဟေ့—တို့ဗမာ” ဟု ပြန်လှန်နှုတ်ဆက်ကြသည်အထိ တီထွင်ကျင့်ဆောင်ခဲ့ကြသည်။ တို့ဗမာအစည်းအရုံးကြီးသည် လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာနှင့်တကွ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ရင်း မြေကတုတ်လုပ်၍ သစ္စာရှိစွာကာကွယ်ရန် ကြည်း၊ ရေ၊ လေတပ်များ အပါအဝင် မြန်မာ့တပ်မတော်ကြီးကို စတင်အုတ်မြစ်ချ ဖွဲ့စည်းနိုင်ခဲ့ပါသည်။ တို့ဗမာအစည်းအရုံးကြီး၏ မျိုးချစ်နိုင်ငံရေး သမားသခင်များသည် ပြည်သူလူထုအကျိုးအတွက် လွတ်လပ်ရေးကို မဖြစ်မနေရယူရန်နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာမျိုးချစ်လူငယ်များသည် မြန်မာ့တပ်မတော်ကို စတင်ထူထောင်ဖွဲ့စည်းပြီး ယင်းတို့ကိုယ်တိုင် တပ်မတော်သားများအဖြစ် ဝင်ရောက်ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံအကျိုးအတွက် လိုအပ်လျှင် အသက် ကို ပေးဆပ်မည့်သူများအဖြစ် သစ္စာပြုခဲ့ကြသည်။

မြန်မာပြည်၏ လွတ်လပ်ရေးသက်တမ်း ခုနစ်ဆယ်ကျော်ကာလ

ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် ကိုလိုနီနိုင်ငံများမှာ လွတ်လပ်ဖွံ့ဖြိုးစနိုင်ငံများအဖြစ် ပေါ်ပေါက်လာကြပါသည်။ ထိုနိုင်ငံများအနက် “ဒီမိုကရေစီရေးနှင့် အမျိုးသားညီညွတ်ရေး” ကို ကောင်းစွာတည်ဆောက်နိုင်သောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်နိုင်ကြပြီး မတည်ဆောက်နိုင်သောနိုင်ငံများမှာ မတည်ငြိမ်မှုများ၊ အမျိုးသားချင်းပဋိပက္ခများဖြင့် နိုင်ငံရေး၊ စီးပွားရေးဇာတ်မျောကာ ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများအထိ ရင်ဆိုင်ကြရလေသည်။ မြန်မာပြည်၏လွတ်လပ်ရေးသက်တမ်း ခုနစ်ဆယ်ကျော်ကာလတစ်လျှောက်တွင်လည်း ထိုအချက်ကို သက်သေခံခဲ့ပေသည်။

မြန်မာ့မျိုးဆက်သစ်လူငယ်များသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာနေသော ကမ္ဘာကြီး၏ ပြဿနာအရပ်ရပ်ကို ရဲရင့်စွာရင်ဆိုင်ဖြေရှင်းနိုင်ရန် ကျဉ်းမြောင်းသောလူမျိုးရေးတရားကို အခြေခံသည့် လူမျိုးရေးစိတ်ဓာတ်မျိုးထက် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၊ လူထုကြီးတစ်ရပ်လုံးအတွက် ထာဝရအင်အားကြီးမားသော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားညီညွတ်ရေး၊ အမျိုးသားစီးပွားထူထောင်ရေး၊ ကမ္ဘာ့မိသားစုနိုင်ငံများနှင့် ရင်ပေါင်တန်း၍ တန်းတူရည်တူ အကျိုးတူဆက်ဆံ နိုင်ရေးမူကြီးများအပေါ်အခြေခံ၍ ကျယ်ပြန့်လေးနက်သည့် နိုင်ငံရေးအသိစိတ်ဓာတ်မျိုး၊ ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်များကို ခဝါချ၍ တိုးတက်သော နိုင်ငံရေးအတွေးအခေါ်အမြော်အမြင်မျိုး၊ ဘဝတူပြည်သူများနှင့် ချစ်ကြည်သွေးစည်းရေး စိတ်ဓာတ်မျိုး အမှန်ပင်လိုအပ်ပေသည်။


ယနေ့အချိန်အခါသည် စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ချက်ထားရှိပြီးဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန်မှာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဆောင်ရွက်ရန်အတွက်လည်း အခိုင်အမာသန္နိဋ္ဌာန်ချမှတ်ပြီးဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးရရှိရန်မှာ မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ NLD ပါတီ၏ မဲမသမာမှု ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာ များကို လက်နက်ကိုင်နည်းလမ်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားဒေသများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအချို့တွင် လက်နက်ကိုင်သောင်းကျန်းမှုများဖြစ်ပေါ်ခဲ့ရပြီး ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် မြန်မာနိုင်ငံ၏အချုပ် အခြာအာဏာနှင့် ပိုင်နက်နယ်မြေများကိုပါ ထိပါးစေနိုင်သည့်တိုက်ပွဲများ ဖော်ဆောင်လာသည့်အပြင် အမျိုးဘာသာသာသနာကိုပါ စော်ကားလာသည့် ဆောင်ရွက်မှုများ ရှိလာခဲ့ပြီးဖြစ်ပါသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ MNDAA နှင့် TNLA သောင်းကျန်းသူများအနေဖြင့် လက်နက်ကိုင်သောင်းကျန်းမှုများမှ မြန်မာနိုင်ငံ၏ပိုင်နက် နယ်မြေလုယက်မှုများအထိ ဆောင်ရွက်ခဲ့ကြပြီး မြန်မာတစ်မျိုးသားလုံး အမြတ်တနိုးထားသည့်စေတီနှင့် ဆင်းတုတော်များကို ဖျက်ဆီးခြင်းများသည် မြန်မာလူထုတစ်ရပ်လုံးကို စော်ကားခြင်းဖြစ်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် စိတ်မချမ်းမြေ့စရာဖြစ်ရပ်မျိုးအထိ ဆောင်ရွက်လာကြသည်ကို တွေ့မြင်နေရပါသည်။

လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၃၉ ပါတီမှဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန် ပြန်လည်လွှဲပြောင်းပေးနိုင်ရေးပင် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့သို့ အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာခဲ့သဖြင့် ယခုအချိန်ထိ အချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တက်ရောက်လာကြသည့် နိုင်ငံရေးပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သည့်သူများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအနေဖြင့်လည်း ပါတီ၏အမာခံများဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံများဖြစ်ရန်လိုအပ်ပြီး ပါတီများ၏အင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိမှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိရန် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံမှုစနစ်ဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ အသက်အိုးအိမ်စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် သဘောကွဲလွဲမှုများ၊ အားနည်းမှုများကို သိရှိနားလည်ထားရန်လိုအပ်ပြီး ပါတီမူဝါဒလုပ်ငန်းစဉ်များကို တိကျခိုင်မာစွာ ချမှတ်ထားရန်လိုကြောင်း၊ ထို့နောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏ ပညာရေးမြင့်မားရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

ယနေ့ဖြစ်ပွားနေသော လက်နက်ကိုင် သောင်းကျန်းမှုများနှင့် PDF များ၏ အကြမ်းဖက် ဆောင်ရွက်မှုများသည် ပြည်သူလူထု၏ အသက်အိုးအိမ်များကို များစွာထိခိုက်ခဲ့သည့်အပြင် စားဝတ်နေရေးအတွက် လမ်းပန်းဆက်သွယ်ရေးအပါအဝင် အလုပ်အကိုင်ဆောင်ရွက်မှုများကို ထိခိုက်ခဲ့ရပါ သည်။ လူသတ်၊ ဆက်ကြေးတောင်း၊ ဂိတ်ကြေးကောက်၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ကြသည့်အပြင် အပြစ်မဲ့ဝန်ထမ်းမိသားစုများနှင့် ကျောင်းဆရာ ဆရာမများကိုပါ သတ်ဖြတ် ခြိမ်းခြောက်ဆောင်ရွက်ခဲ့မှုများသည် အနာဂတ် မြန်မာနိုင်ငံတော်အတွက် မည်သို့မျှလက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ထင်ထင်ရှားရှားတွေ့မြင်နေရပြီဖြစ်ပါသည်။ မလုံမခြုံဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုများကြောင့် စားဝတ်နေရေး အတိဒုက္ခ ရောက်ခဲ့ကြရပါသည်။ စစ်ပွဲဖြစ်ပွားသောဒေသများရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှာ စစ်ဘေးရှောင်ရင်း စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ရပါသည်။ EAO အဖွဲ့တချို့၏ ဆောင်ရွက်မှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်နိုင်သည့်အပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်သဖြင့် နိုင်ငံတော်အတွက် အရေးကြီးဆုံးအချိန်အခါလည်းဖြစ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အားများကို စည်းရုံးပြီး ပါတီဝင်အမာခံများဖြင့် ပြည်သူ့လုံခြုံရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ပြည်သူလူထု၏စားဝတ်နေရေးအတွက် ဦးစီးရှေ့ဆောင်ပြုကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများတွင် တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်သင့်ပါသည်။ ပြည်သူလူထုအခက်အခဲ တွေ့နေချိန်တွင် ပြည်သူလူထုနှင့်အတူ အေးအတူပူအမျှ ထဲထဲဝင်ဝင် စည်းရုံးဆောင်ရွက်ကြခြင်းဖြင့် မိမိပါတီ၏အမာခံအင်အားများ တိုးပွားလာမည် ဖြစ်သလို ပြည်သူ၏ထောက်ခံယုံကြည်မှုလည်း ရရှိလာမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည် အသွင်သဏ္ဌာန် ကောင်းမွန်ရန်အတွက် ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းပုံပါတီဝင်အင်အား၊ ပါတီရုံးခန်း အဆောက်အဦ၊ ပါတီရန်ပုံငွေတို့ကို သတ်မှတ်ဆောင်ရွက်နိုင်သော်လည်း ပါတီ၏မူဝါဒရည်မှန်းချက်၊ လုပ်ဆောင်ချက်များ ကောင်းမွန်မှသာ အနှစ်သာရရှိပြီး ပြည်သူလူထုအားကိုးထောက်ခံ ယုံကြည်မှုဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပေသည်။ ယနေ့ခံယူကြရမည့် အမျိုးသားရေးရည်မှန်းချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးပင်ဖြစ်သည့်အတွက် ပါတီဝင်များ၏ စည်းရုံးမှုမှ နိုင်ငံသားအားလုံး အမျိုးသားရေးတာဝန်ကြီး တစ်ရပ်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး နိုင်ငံရေးပါတီအားလုံးက ဝိုင်းဝန်းပါဝင်ဖော်ဆောင်ပေးကြစေလိုပါကြောင်း တို့ဗမာအစည်းအရုံးကြီးကဲ့သို့ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများကို ကြိုဆိုလိုက်ရပါသည်။ ။

ရည်ညွှန်းချက်များ

၁။ သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်း မှုကြီး (၁၉၃၀-၁၉၄၈)၊ တက္ကသိုလ်စိန်တင်။
၂။ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ များအပေါ် လေ့လာခြင်း (ပထမတွဲ၊ ဒုတိယတွဲ)။
၃။ Ref; APORNRATH PHOONPHONGPHIPHAT, Nikkei staff writer August 23, 2023 Thailand’s new PM Srettha to lead next government; 5 things to know.
၄။ နှစ်တစ်ရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီစနစ်အခြေခံ မြန်မာ့နိုင်ငံရေး(ဆောင်းပါး)။
၅။ ကမ္ဘာ့နိုင်ငံရေးပါတီစာတမ်းများ(ဦးမြသောင်း)။

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။