အမျိုးသားရေးစိတ်ဓာတ်များဖြင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ

မောင်ရွှေရိုး

နိုင်ငံအသီးသီး၏ နိုင်ငံရေးပါတီများသည် မိမိနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် ပထဝီနိုင်ငံရေးတို့ အပေါ်အခြေခံ၍ ခိုင်မာသောမူဝါဒများဖြင့် အင်အားတောင့်တင်းအောင် တည်ဆောက်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံပေါင်း ၂၆၅ နိုင်ငံရှိပြီး ပါတီစုံစနစ်ကျင့်သုံးသောနိုင်ငံများမှာ ၁၂၃ နိုင်ငံ၊ အင်အားကြီးပါတီတချို့ကသာ လွှမ်းမိုးထားသော ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ ၅၁ နိုင်ငံ၊ အင်အားကြီးပါတီ နှစ်ခုမှ ဦးဆောင်သော ပါတီနိုင်ငံရေးစနစ်ကျင့်သုံးသည့်နိုင်ငံ ၃၉ နိုင်ငံ၊ ပါတီ တစ်ခုတည်းမှ ဦးဆောင်သော နိုင်ငံရေးပါတီစနစ် ကျင့်သုံးသည့်နိုင်ငံ ကိုးနိုင်ငံ၊ ပါတီများ ဖွဲ့စည်းထူထောင်ထားခြင်းမရှိသောနိုင်ငံ ၂၀ နိုင်ငံနှင့် စစ်ဘက်မှ အုပ်စိုးသောနိုင်ငံများ ခြောက်နိုင်ငံ၊ အကြွင်းမဲ့ဘုရင်စနစ် ကျင့်သုံးသောနိုင်ငံ နှစ်နိုင်ငံတို့ဖြစ်ကြသည်။

မည်သည့်စနစ်ကို ကျင့်သုံးကြသည်ဖြစ်စေ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို နိုင်ငံရေးပါတီများ၊ အုပ်ချုပ်သူများက ကာကွယ်စောင့်ရှောက်ကြရသည်သာဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးပါတီအမျိုးအစား သုံးမျိုးရှိပြီး နိုင်ငံအဆင့် အသိအမှတ်ပြုပါတီ ခုနစ်ပါတီ၊ ပြည်နယ်အဆင့်အသိအမှတ်ပြုပါတီ ၄၉ ပါတီနှင့် အသိအမှတ်ပြုမခံရသေးသည့် ပါတီများဟူ၍ ဖြစ်သည်။ နိုင်ငံအဆင့်ပါတီများသည် နိုင်ငံတစ်ဝန်းလုံးတွင် ကိုယ်စားလှယ်နေရာများရရှိထားပြီး ပြည်နယ်ကြီး သုံးပြည်နယ်၌ အောက်လွှတ်တော်တွင် နေရာစုစုပေါင်း လေးနေရာ (နှစ်ရာခိုင်နှုန်း) အနိုင်ရရှိရမည်။

နောက်ဆုံးကျင်းပခဲ့သည့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများတွင် ထောက်ခံမဲ ခြောက်ရာခိုင်နှုန်း ရရှိရမည်။ အနည်းဆုံးပြည်နယ် လေးပြည်နယ်တွင် ပြည်နယ်အဆင့်ပါတီအဖြစ် အသိအမှတ်ပြုခြင်းခံရ မည်ဖြစ်သည်။ ပြည်နယ်အဆင့်ပါတီများသည် အောက်လွှတ်တော် ၂၅ နေရာအနက် တစ်နေရာရှိပြီး ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ စုစုပေါင်းနေရာ၏ နှစ်နေရာ (သုံးရာခိုင်နှုန်း) အနိုင်ရရှိရမည်။

ထောက်ခံမဲ အနည်းဆုံး ခြောက်ရာခိုင်နှုန်းရှိရမည်။ အထွေထွေ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်ကိုယ်စားလှယ်နေရာနှင့် ပြည်နယ်ဥပဒေပြုလွှတ်တော်နေရာ မရှိခဲ့လျှင် ယင်းပြည်နယ်၏ စုစုပေါင်းဆန္ဒမဲ ရှစ်ရာခိုင်နှုန်း ရရှိရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အာဏာရနိုင်ငံရေးပါတီမှာ The Bharatiya Janata Party (BJP) ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ် ဧပြီ ၆ ရက်နေ့တွင် BJP ပါတီကို တည်ထောင်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် တည်ထောင် ခဲ့သော Bharatiya Jana Sangh ပါတီမှ ပေါ်ပေါက်လာ ခြင်းဖြစ်ပြီး Janata ပါတီကဲ့သို့သော အခြားနိုင်ငံရေး ပါတီများနှင့် ပေါင်းစည်းခဲ့သည်။ ဟိန္ဒူမူဝါဒနှင့် ကွန်ဆာဗေးတစ်မူဝါဒများကြောင့် လူသိများခြင်းဖြစ်သည်။ Hindutva သည် ပါတီ၏နိုင်ငံရေးသဘောတရား အခြေခံအုတ်မြစ်ဖြစ်သည်။

ပါတီခေါင်းဆောင် များအနက် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် Atal Bihari Vajpayee နှင့် Narendra Modi တို့ ဖြစ်သည်။ ပါတီသည် အမျိုးသားမူဝါဒနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးတိုးတက်မှု၊ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်မှု၊ ခိုင်မာသော နိုင်ငံတော်ကာကွယ်ရေးတို့ကို အဓိကအလေးထားသည်။ ပါတီ၏ဦးတည်ချက်မှာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးဖြစ်သည်။ BJP ပါတီသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးကျဆင်းချိန် ၂၀၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

ပါတီခေါင်းဆောင် Narendra Modi သည် လူမှန်၊ နေရာမှန်၊ အချိန်မှန်(The right man, in the right place, at the right time) ကို ဖော်ဆောင် ခဲ့သည်။ ယင်းသည် Gujarat ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်ရုံမက ရင်းနှီးမြှုပ်နှံမှုအချက်အချာနေရာအဖြစ် ဖော်ဆောင်ပေးနိုင်ခဲ့သည်။

၂၀၁၄ ခုနှစ်မှစတင်ပြီး Narendra Modi သည် Gujarat ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့်အတိုင်း အိန္ဒိယနိုင်ငံကို ဖော်ဆောင်နိုင်ခဲ့သည်။ ယနေ့အချိန်တွင် BJP ပါတီနှင့်မိတ်ဖက်များသည် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် ပြည်နယ် ၂၉ ပြည်နယ်အနက် ပြည်နယ် ၂၀ တွင် အစိုးရဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

စင်ကာပူနိုင်ငံသည် ပါတီစုံစနစ်ကိုကျင့်သုံးပြီး ပါတီအရေအတွက် ၂၀ ကျော်ခန့် မှတ်ပုံတင်ထားသည်။ ဝန်ကြီးချုပ် လီကွမ်ယု ခေါင်းဆောင်သည့် People Action Party (PAP) ပါတီသည် ၁၉၅၉ ခုနှစ်မှစ၍ ရွေးကောက်ပွဲများတွင်အနိုင်ရရှိပြီး အစိုးရဖွဲ့စည်း နိုင်ခဲ့သည့် တစ်ခုတည်းသောပါတီဖြစ်သည်။

PAP ပါတီသည် ဤမျှအချိန်ကြာကြာ ရွေးကောက်ပွဲ အောင်မြင်ရခြင်းမှာ (၁) အစိုးရမှ ပြည်သူလူထုအတွက် Delivering Good လုပ်ပေးနိုင်ခြင်း၊ (၂)စင်ကာပူအစိုးရ သည် အောက်ခြေအထိ ပါတီယန္တရားတည်ဆောက်နိုင်ခြင်း (Grass Root Political Mechinery) တို့ကြောင့် ဖြစ်သည်။ အခြေခံအားဖြင့် (၁)အလုပ်အကိုင်ကောင်း ရှာဖွေပေးနိုင်သည်၊ (၂) ကျောင်းကောင်းကောင်း တည်ဆောက်နိုင်သည်၊ (၃) နေစရာနှင့် အခြားလိုအပ်သော Social Service များ ပေးစွမ်းနိုင်သည်။

PAP ပါတီသည် ပြည်သူလူထုအဖွဲ့အစည်း (People Association)၊ လူမှုရေးအသင်းအဖွဲ့များ (Community Development)၊ အလုပ်သမားသမဂ္ဂ (National Trade Union Congress -NTUC) တို့ကို ဖွဲ့စည်းဆောင်ရွက်၍ PAP ပါတီက စိုးမိုးထားနိုင်သည်။ PAP ပါတီသည် ပါတီ၏ ဘယ်တောင်ပံ၊ ညာတောင်ပံ စည်းရုံးရေးအဖြစ် ( Young PAP and PAP Women Wing ) လူငယ်စည်းရုံးရေးနှင့် အမျိုးသမီးထုခိုင်မာစွာ စည်းရုံးခြင်းဖြင့် လျော်ညီသော အဖွဲ့အစည်းများကို စနစ်တကျဖွဲ့စည်းနိုင်သည်။

ပါတီအထွေထွေအတွင်းရေးမှူး ဂိုချုပ်တောင် (Goh Chok Tong ) လက်ထက်တွင် အသက် ၁၇ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို Young PAP အဖြစ် စတင်ထူထောင်၍ ၁၉၈၆ ခုနှစ်တွင် လူငယ်စည်းရုံးရေးကို အဓိကစတင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် လွှတ်တော်အမတ် ၈၁ ဦး အနက် ၂၀ ရာခိုင်နှုန်းမှာ လူငယ် PAP ပါတီဝင်များ ဖြစ်လာခဲ့သည်။

PAP ပါတီသည် ပါတီထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် အသက်အရွယ်ကြီးရင့်သူ များနေရာတွင် လူငယ် Technocrats များကို အစားထိုးဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနေရာတွင် မျိုးဆက်သစ်များကို မွေးထုတ်အစားထိုးဆောင်ရွက် ခြင်းဖြင့် သွေးသစ်လောင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အဆင့်လိုက်ရွေးချယ်သည်။

တာဝန်ပေးမှု အကြီး၊ အသေးအလိုက် စိစစ်သည်။ ဝန်ကြီးအဖြစ် တာဝန်ပေးလိုပါက စိတ်ကျန်းမာရေးစစ်ဆေးသည်အထိ ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒနယ်များတွင် လက်တွေ့နိုင်ငံရေးလုပ်ကိုင်နိုင်ရန် အောက်ခြေလူထုနှင့်ရင်းနှီးသည်အထိ ကွင်းဆင်းဆောင်ရွက်စေ သည်။

စင်ကာပူပြည်သူလူထုသည် နိုင်ငံတည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်သော လူမှုဘဝနှင့် ကောင်းမွန်သော လူ့အဖွဲ့အစည်း (Good Life and Good Society) ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ စင်ကာပူနိုင်ငံတွင် ကောင်းမွန်သောလူနေမှုဘဝနှင့် တိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်းကို ဖြည့်ဆည်းပေးနိုင်သည့် People Action Party (PAP) ပါတီကို ပြည်သူလူထုက ဆက်လက်ထောက်ခံနေခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တစ်ပါတီစနစ်ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ (Chinese Communist Party – CCP ) သည် တစ်ခုတည်းသော အာဏာရ ပါတီဖြစ်သည်။ ၁၉၂၁ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နှစ်(၁၀၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ပါတီခေါင်းဆောင်မှုနှင့် နိုင်ငံ့ခေါင်းဆောင်များ အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီး ပြည်တွင်းစစ်၊ အငတ်ဘေး၊ ယဉ်ကျေးမှုတော်လှန်ရေး၊ လူတန်းစားပဋိပက္ခ၊ တီယန်မင်ရင်ပြင်ကဲ့သို့ ဒီမိုကရေစီလှုပ်ရှားမှုများကြားက တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံရေးဦးဆောင်မှုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၄၉ ခုနှစ် မော်စီတုန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ချိန်မှစ၍ နိုင်ငံ၏စီးပွားရေး အရှိန်အဟုန်ဖြင့်တိုးတက်လာခြင်းနှင့်အတူ အင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ရန် ဦးဆောင်မှုပြုနိုင်ခဲ့သည်။

လူဦးရေ သန်းတစ်ထောင့်လေးရာကျော် အင်အားရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပါတီဝင် သန်း ၉၀ ကျော်သာရှိသည့် တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတော်အာဏာကိုရယူနိုင်ခဲ့ခြင်း၏ အဓိကအကြောင်းအရင်းမှာ စီးပွားရေးဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

လူတစ်ဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ၁၉၈၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၂၀၀ ပတ်ဝန်းကျင်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျော်ထိ တိုးတက်လာခဲ့သည်။ လူဦးရေ သန်း ၇၇၀ ကျော်ကို ဆင်းရဲတွင်းကလွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင် ခဲ့သည်။

နိုင်ငံတစ်ဝန်း ဆယ်စုနှစ်အနည်းငယ်တွင် ဖွံ့ဖြိုးတိုးတက်မှုများ အလျင်အမြန်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မြေအောက်ရထား၊ ကျည်ဆန်ရထား၊ မိုးပျံလမ်း၊ ခေတ်မီဟိုတယ်၊ နေအိမ်အဆောက်အအုံများနှင့် ကမ္ဘာ့အဆင့်မီလေဆိပ်များ စသည့်စီးပွားရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ၊ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ပေးနိုင်ခြင်းသည် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို ပိုမိုခိုင်မာလာစေခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး အခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ပါတီငယ်များကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားသည်။ လက်ရှိနိုင်ငံရေးပါတီ ကိုးပါတီရှိပြီး လူနည်းစုနိုင်ငံရေးပါတီငယ်များအနေဖြင့် ၁၉ ပါတီရှိသည်။

ကမ္ဘောဒီးယားပြည်သူ့ပါတီ ( Cambodia People’s Party – CPP) သည် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ ရွေးကောက်ပွဲ၌ လွှတ်တော် ကိုယ်စားလှယ် ၁၂၅ နေရာတွင် ၁၂၀ နေရာအနိုင်ရရှိခဲ့ပြီး မဲဆန္ဒရှင် ၉ ဒသမ ၇ သန်းတွင် ၈ ဒသမ ၁ သန်း ထောက်ခံအားပေးမှုရရှိခဲ့သဖြင့် ၈၄ ဒသမ ၅၈ ရာခိုင်နှုန်း ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ၁၉၇၉ ခုနှစ်ကတည်းက ယနေ့အထိ အာဏာရရှိခဲ့ပြီး နိုင်ငံကိုအုပ်ချုပ်နိုင်ခဲ့သည့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အာဏာရနိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ (Cambodia People’s Party – CPP)ကို ၁၉၅၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကမ်ပူချီယမ်ပြည်သူ့တော်လှန်ရေးပါတီဟု အမည်တွင်ခဲ့သော ပါတီဖြစ်သည်။

၁၉၈၉ – ၁၉၉၁ ခုနှစ်တွင် ကမ္ဘောဒီးယားပြည်သူ့သမ္မတနိုင်ငံဟု အမည်ပြောင်းလဲခဲ့ခြင်းနှင့်အတူ ပါတီအမည်အား ကမ္ဘောဒီးယားပြည်သူ့ပါတီ ( Cambodia People’s Party- CPP) အဖြစ် ပြောင်းလဲခဲ့သည်။ CPP ပါတီသည် ၂၀၁၆ ခုနှစ်၌ ကမ္ဘောဒီးယားနိုင်ငံကို အလယ်အလတ်စီးပွားရေးစနစ် သို့ ကူးပြောင်းခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဝင်ငွေပိုများသော အလယ်အလတ်စီးပွားရေးအဆင့် ကူးပြောင်းရန် ရည်မှန်းချက်ထားရှိသည်။

အရင်းရှင်စနစ်နှင့် ကွန်မြူနစ်စနစ်များအကြား အလယ်အလတ်စနစ် ကျင့်သုံးပြီး ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံမူများနှင့် စံနှုန်းများ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ဗုဒ္ဓဘာသာအယူဝါဒများကို အလေးထားခဲ့သည်။ ပါတီခေါင်းဆောင် Hunsan သည် ပါတီအား ကောင်းစွာဦးဆောင်နိုင်ခဲ့သည်။

ပါတီသည် လက်ရှိ ကာလ၌ အမြဲတမ်းကော်မတီဝင် ၃၄ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ CPP ပါတီသည် ၄၄ နှစ် ကျော်ကာလအတွင်း ပြည်သူများထံမှ ဆက်လက်ယုံကြည်မှုရရှိနေခြင်းမှာ ပါတီခေါင်းဆောင်သူတို့သည် အာဏာရှိသည့်အခါ ပန်းတိုင်သုံးခုအပေါ် အလေးထား ဆောင်ရွက်ခဲ့သည့်အတွက်ဖြစ်သည်။

ပါတီ၏ ပန်းတိုင်သုံးခုမှာ “နိုင်ငံအဓွန့်ရှည်တည်တံ့ရေးနှင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး (Life)၊ လူနေမှု အဆင့်အတန်းမြင့်မားရေးနှင့် ပြည်သူများ၏ဘဝ ပြည့်စုံမှုရရှိစေရေး (Stomach)၊ ပြည်သူများအား အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသည့်နိုင်ငံ ဖြစ်လာစေရေးနှင့် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး (Face)” တို့ဖြစ်ပါသည်။

နိုင်ငံအတွင်း သင့်လျော်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် လူနေမှုဘဝမြင့်မားစေရန် ဆောင်ရွက်ပေးခဲ့သည်။ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကယ်ဆယ်ရေးနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများအပြင် ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင်လည်း ကောင်းစွာဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် CPP ပါတီသည် ပြည်သူများ၏ ယုံကြည်ကိုးစားအားပေးမှုများဖြင့် နှစ်ပေါင်း ၄၄ နှစ်ကျော်တိုင်အောင် အောင်မြင်မှုများရရှိခဲ့သည့်ပါတီတစ်ခုဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်သည်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၇၀ ပါတီမှ ကိုယ်စား လှယ်လောင်း ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။

ပါတီ ၁၈ ပါတီမှ ကိုယ်စားလှယ် ၅၀၀ ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တပ်မတော်မှ အာဏာရယူမှု ၁၉ ကြိမ်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အမျိုးသားလုံခြုံရေး အကြီးအကဲ Thawil Pliensri ကို ရာထူးမှဖယ်ရှားခြင်းနှင့်စပ်လျဉ်း၍ အာဏာအလွဲသုံးစားပြုလုပ်မှု စွဲချက်များအတွက် တရားရုံးက ယင်လတ်ရှင်နာဝပ်တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယင်လတ်ရှင်နာဝပ်အား အိမ်စောင့်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးရာထူးက ဖယ်ရှားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာသည် အမျိုးသားအေးချမ်းသာယာရေးနှင့် ငြိမ်ဝပ်ပိပြားမှုကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် အတည်ပြုခဲ့ပြီး အခြေခံဥပဒေအရ လွှတ်တော် ၂ ရပ် ရှိသည်။ အထက်လွှတ်တော်တွင် တပ်မတော်မှရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ် ၂၅၀ ဦးနှင့် အောက်လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၅၀၀ တို့ပါဝင်သည်။

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ်ရွေးချယ်ရာတွင် အထက်လွှတ်တော် ကိုယ်စားလှယ် ၂၅၀ နှင့် အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ တို့မှ မဲပေးရွေးချယ်ရပြီး အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲ ရရှိရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ထိုအခြေခံဥပဒေဖြင့် ရွေးကောက်ပွဲကျင်းပခဲ့ရာ ဝန်ကြီးချုပ် ပရာယွတ်က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်တာဝန်ကို ရယူခဲ့သည်။

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲရလဒ်ကြေညာပြီးနောက် လွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ ရာ Move Forward ပါတီမှ Pita Limjaroenrat က ထောက်ခံမဲ ၃၂၄ မဲရရှိခဲ့သည်။ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို iTV Media ကုမ္ပဏီတွင် ရှယ်ရာပိုင်ဆိုင်ထားမှုနှင့်ပတ်သက်၍ တိုင်ကြားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ငြိစွန်းသဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ဖြူထိုင်း(Pheu Thai)ပါတီမှ Mr.Srettha Thavisin ကို ထောက်ခံမဲအများဆုံး ဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီး ထိုင်းနိုင်ငံ ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဖြူထိုင်း (Pheu Thai) ပါတီအနေဖြင့် ပါတီ ၁၁ ပါတီနှင့် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းကာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ခြင်းက အဓိကအချက်ဖြစ်ပြီး ဒီမိုကရေစီထောက်ခံသူများနှင့် ကွန်ဆာဗေးတစ်တို့အကြား ဟန်ချက် ညီအောင် ထိန်းညှိပေးနိုင်ခြင်းသည် အစိုးရသစ်အတွက် အောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးပါတီများသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော Rule of Law ကို အလေးထားကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး မိမိပါတီအကျိုးထက် ပြည်သူလူထု၏အကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။

(ဆက်လက်ဖော်ပြပါမည်)

နိုင်ငံပိုင်သတင်းစာမှ ကူးယူဖော်ပြသည်။