တံတားဦးမြို့နယ်တွင် PDFအမည်ခံ အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျောင်ဆရာမတစ်ဦးအပါဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံး

ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ထောက်ရစ်ကျေးရွာ၌ ယမန်နေ့ ည၁၁နာရီခွဲအချိန်ခန့်တွင် အမျိုးသား ၁ဦး၊အမျိုးသမီး ၁ဦးနှင့်တပယ်ကျေးရွာတွင် အမျိုးသမီး ၁ဦးတို့အား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ကျေးရွာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေးခဲ့ရာ ထောက်ရစ်ကျေးရွာအနီး ပေါက်တောကျေးရွာနှင့်ပေါက်မြိုင်ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဦးစိုးမြင့်ထွန်း၊၅၃နှစ်၊(ဘ)ဦးပေါမြ၊နွားနို့လုပ်ငန်းလုပ်ကိုင်သူ၊ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ၊ယခင် ကျေးရွာအုပ်ချုပ်ရေးမှုး၊ထောက်ရစ်ကျေးရွာနေသူတွင် ဦးခေါင်းဝဲဘက် ဖောက်ဝင်၊ယာဘက် ဖောက်ထွက်ဒဏ်ရာဖြင့်လည်းကောင်း၊မသက်နွယ်အောင်၊၄၂နှစ်၊(ဘ)ဦးအောင်ဝင်း၊တောင်သူ၊ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ၊ထောက်ရစ်ကျေးရွာနေသူတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာဖြင့်လည်းကောင်း သေဆုံးနေကြောင်းသိရသည်။

ဖြစ်စဥ်မှာ ၁၆-၁-၂၀၂၄ ရက်နေ့၊ည၁၁နာရီခွဲ အချိန်ခန့်တွင် သေဆုံးသူ ဦးစိုးမြင့်ထွန်း၊မသက်နွယ်အောင် တို့သည် ၎င်းတို့၏ နေအိမ်အသီးသီးတွင်ရှိနေစဥ် အမည်မသိ၊အကြမ်းဖက်သမား(အင်အားစိစစ်ဆဲ)မှ ဆိုင်ကယ် ၂စီးဖြင့် လာရောက်ဖမ်းဆီးကာ ထောက်ရစ်ကျေးရွာနှင့် ၂ဖာလုံခန့်အကွာ၊ပေါက်တောကျေးရွာနှင့်ပေါက်မြိုင်ကျေးရွာချင်းဆက်လမ်းပေါ်သို့ ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် တပယ်ကျေးရွာ၊ရွာလယ်လမ်းပေါ်တွင် ဒေါ်မီမီထွန်း၊၄၁နှစ်၊(ဘ)ဦးသန်းထွန်း၊ကျောင်းဆရာမ(အထကခွဲ- တပယ်)၊တပယ်ကျေးရွာနေသူအား လက်ပြန်ကြိုးတုပ်လျှက် ဦးခေါင်းဝဲဘက် ဖောက်ဝင် ယာဘက် ဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရ၍ တာဝန်ရှိသူများမှ စစ်ဆေးရာ ၁၆-၁-၂၀၂၄ ရက်နေ့ည ၉နာရီခွဲ အချိန်ခန့်တွင် ​သေဆုံးသူ ဒေါ်မီမီထွန်းသည် နေအိမ်၌ရှိနေစဥ် အမည်မသိ အကြမ်းဖက်သမားများ(အင်အားစိစစ်ဆဲ)မှ ဆိုင်ကယ်၂ စီးဖြင့် ရောက်ရှိလာကာ ဖမ်းဆီးပြီး ရွာလယ်လမ်းပေါ်သို့ ခေါ်ဆောင်သွားကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုဖြစ်စဥ်ဖြစ်ပွားသည့် တံတားဦးမြို့နယ်၊ထောက်ရစ်ကျေးရွာတွင် ၂၀၂၃ ခုနှစ်၊မေလ(၂၇)ရက်နေ့ကလည်း အကြမ်းဖက်သမားများက ထောက်ရစ်ကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင် ၅ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။