နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြနေသောဆောင်းပါးများ

တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေး အလေးထားစဉ်းစားဆောင်ရွက်သင့်ပြီ

ယနေ့မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် လွတ်လပ်ရေးရပြီးကာလ ပြည်တွင်းလက်နက်ကိုင် ရောင်စုံသောင်းကျန်းသူများ နိုင်ငံအနှံ့အပြားတွင် ထကြွလှုပ်ရှားခဲ့သည့်ခေတ်နောက်ပိုင်း ပဋိပက္ခအထူပြောဆုံးအချိန်ပင်ဖြစ်သည်။ အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများနှင့် အနီးဝန်းကျင်ဒေသများတွင် လက်နက် ကိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည့်အခါ ပြည်သူလူထုမှာ ကြားမှမြေစာပင်သဖွယ် ဖြစ်ရသည်။ နေအိမ်၊ ပစ္စည်းဥစ္စာ၊ ကျွဲနွား စပါးရိက္ခာများ၊ လက်ငုတ်လက်ရင်းလုပ်ငန်းကိုင်ငန်းများ ပျက်စီးဆုံးရှုံးကြရသည်။ နောက်ဆုံး မိမိတို့၏အသက်ခန္ဓာတည်မြဲနိုင်ရေးအတွက် ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်းကြရသည်။ အချို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များအထိ ရွှေ့ပြောင်း နေထိုင်ကြရသည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ကို ခံစားခွင့်ရှိသည်။ ပြည်သူများနေထိုင်ရာဒေသများအတွင်း တိုက်ပွဲများဖြစ်ပေါ်လာသည့်အခါ စားဝတ်နေရေး၊ အသက်ရှင်သန်ရေးတို့အပြင် နိုင်ငံသားအခွင့်အရေးများလည်း ဆုံးရှုံးကြရသည်။ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုများ ပျက်ပြားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းနှင့် အခြားဖျက်ဆီးမှုများကြောင့် ဒေသခံများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည်ဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပျက်စီးကြရသည်။

“ကယားပြည်နယ်အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာခံစားနေကြရပြီး နိုင်ငံအတွက် အန္တရာယ်များလာနိုင်သဖြင့် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးထားစဉ်းစား ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က(၇၂)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားရာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများက နိုင်ငံနှင့်ပြည်သူအားလုံးအတွက် အန္တရာယ်ကျရောက်စေနိုင်ကြောင်း သတိပေးထားခြင်းပင်ဖြစ်သည်။ ယင်းအခြေအနေသည် လျစ်လျူရှုထား၍မရဘဲ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးတို့အတွက် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒအမှန်သည် နိုင်ငံတစ်ဝန်း အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှု ဖူလုံရေးပင် ဖြစ်သည်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် လမ်းကြောင်းများ ရှိနေပြီးဖြစ်သည့်အလျောက် နိုင်ငံနှင့်ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးစေသည့် နည်းလမ်း၊ တစ်နည်းအားဖြင့် နိုင်ငံနှင့် ပြည်သူနာစေသည့် နည်းလမ်းများကို သက်ဆိုင်သူတိုင်းက ရှောင်ရှားကြစေလိုသည်။ အတ္တ၊ မာန၊ အာဃာတများကို စွန့်လွှတ်၍ နိုင်ငံကိုကောင်းအောင် ဝိုင်းဝန်းတည်ဆောက်ကာ ပြည်သူကို ငြိမ်းချမ်းရေးအမွေပေးဝေစေလိုသည်။ လက်နက်ကိုင်ပဋိပက္ခသံသရာထဲတွင် တရစ်ဝဲဝဲလှည့်လည်ကာ ဆင်းရဲတွင်းသို့ နစ်သည်ထက်နစ်နေသည့် နိုင်ငံကို တစ်ယောက်တစ်လက်၊ တစ်တပ်တစ်အား စည်းလုံးညီညွတ်သည့်လက်များဖြင့် ဝိုင်းဝန်းဆယ်မစေလိုသည်။

နိုင်ငံရေးလှိုင်းကြမ်းလေကြမ်းတွင် နိုင်ငံ၏အရင်းအမြစ်များ ပျက်စီးဆုံးရှုံးရာ၌ နိုင်ငံ၏ အနာဂတ်အင်အားဖြစ်သော လူငယ်မျိုးဆက်များလည်းပါဝင်သည်။ လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးပြီး ၎င်းတို့၏ ကာယအား၊ ဉာဏအား၊ အတတ်ပညာကျွမ်းကျင်မှုအားဖြင့် နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရမှာ ဖြစ်သည်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး အတိဒုက္ခကျရောက်ရေးသို့သာ ဦးတည်နေခြင်းဖြစ်ရာ သက်ဆိုင်သူအားလုံးတို့၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်နှလုံးများဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင် ကြပါစေကြောင်း။ ။

PAN