စင်ကာပူက ပြန်လာသူတွေဆီကနေ ကူးစက်မြန် ကိုဗစ်- ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိ

ဇန်နဝါရီ ၁၂

စင်ကာပူက ပြန်လာသူတွေဆီကနေ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများရဲ့ ဓာတ်ခွဲနမူနာ ၁၈ ခုကို  စစ်ဆေးခဲ့ရာမှာ ဓာတ်ခွဲနမူနာ ၁၆ ခုမှာ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရပါတယ်။ ဓာတ်ခွဲလူနာများမှာ စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ ပြီးနောက် ရောဂါပိုးတွေ့ရှိသူများရဲ့ ဓာတ်ခွဲနမူနာ ၃ ခုနဲ့ ပြည်တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ ၁၃ ခုတို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများဟာ SARS-CoV-2 Omicron Variant များဖြစ်ပြီး စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူသုံးဦးမှာ Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၁၃ ဦးမှာ Omicron JN.1 ၁၁ ဦး နှင့် XBB.1.16.17 နှစ်ဦးတို့ကို အသီးသီးတွေ့ရှိရပြီး ၎င်းတို့ဟာ ကျန်းမာရေးအခြေအနေများ သက်သာကောင်းမွန်လာသဖြင့် သက်ဆိုင်ရာဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကနေ သိရပါတယ်။ အခုတွေ့ရှိရတဲ့ SARS-CoV-2 Omicron Variant များမှာ HV.1၊ JN.1 နဲ့ EG.5.1.8 တို့မှာ မြန်မာနိုင်ငံမှာ အသစ် ထပ်မံတွေ့ရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်တယ်လို့ ပြောပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 ဟာ EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးပြီး ၎င်းဗီဇပြောင်းမျိုးကွဲပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လာပေမယ့် ရောဂါပြင်းထန်မှုမရှိဘူးလို့ သိရပါတယ်။

#PAN