ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းအသစ် ၄၀၀ ကျော်အတွက် လိုင်စင်များခွင့်ပြုပြီးဖြစ်

ဇန်နဝါရီ ၈

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းအသစ် ၄၀၀ ကျော်အတွက် လိုင်စင်များခွင့်ပြုခဲ့ပြီးဖြစ်တယ်လို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲကနေ သိရပါတယ်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်(အသစ်)များ ခွင့်ပြုခဲ့မှုအဖြစ် ပုဂ္ဂလိကဆေးရုံ ၂၇၅ ရုံ၊ သားဖွားခန်း ၄၀၊ အထူးဓာတ်ခွဲ လုပ်ငန်း ၇၃ ခု၊ အထူးဓာတ်မှန်လုပ်ငန်း ၁၇ ခု၊ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်း ၂၀ ခု၊ အထွေထွေ ကျန်းမာရေး လုပ်ငန်း ၁၈ ခုတိုကို လုပ်ငန်းလိုင်စင်များ ခွင့်ပြုခဲ့ပြီး အတွင်းလူနာအဖြစ် တက်ရောက်နိုင်တဲ့ အရေအတွက်မှာ ၁၂,၄၉၃ လုံး ဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ် တိုးတက်ဖြစ်ထွန်းစေရန်အတွက် ကျောက်ကပ် သွေးသန့်စင်ခြင်းနဲ့ ကျောက်ကပ်အစားထိုး ကုသမှုများအား ခွင့်ပြုပေးလျက်ရှိပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးမူဝါဒနှင့် အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိတယ်လိုလည်း သိရပါတယ်။
လိုင်စင်ရသူများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားရာတွင် သက်တမ်းရှိလိုင်စင်များ ရှိစေရေး၊ တည်ဆဲဥပဒေနှင့် ငြိစွန်းထားသူများကို ခန့်အပ်မှုမရှိစေရေး၊ အမှန်တကယ် တာဝန်ထမ်းဆောင်ကြောင်း သက်ဆိုင် ရာ ကာယကံရှင်များရဲ့ ဖော်ပြချက်တင်ပြရေးနှင့် အချိန်နဲ့တပြေးညီ ခွင့်ပြုချက်လျှောက်ထားနိုင်ရေး လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲမှ ပြောကြားထားပါတယ်။

ဆေးကုသရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ အခန်းကဏ္ဍဟာ များစွာ အထောက် အကူပြုတာဖြစ်လို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ လုပ်ငန်းလိုင်စင်ရရှိရေးအပါအဝင် လုပ်ငန်းများမြန်ဆန်အောင် ဆောင်ရွက်ပေးရန်နဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပံ့ပိုးဆောင်ရွက်ကြရန်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ပြောကြားထား ပါတယ်။

#PAN