ပင်လယ်နီတွင် ကုန်တင်သင်္ဘောများအား အရှိန်မြှင့် တိုက်ခိုက်မှုများမြင့်တက်လာ၊ ဗြိတိန်စီးပွား ရေးအပေါ် သက်ရောက်မှု ရှိလာ

ဇန်နဝါရီ ၇

   ယီမင် Mocha မှ ရေမိုင် ၅ဝ ခန့် အကွာတွင် အဆိုပါ ဧရိယာမှ မထွက်ခွာမီ ကုန်တင်သင်္ဘော တစ်စီးအနီးသို့ သင်္ဘောငယ် ၆ စီးသည် ဇန်နဝါရီ ၆ ရက် ၊ စနေနေ့က ချဉ်းကပ်ခဲ့သည်ဟု United Kingdom Maritime Trade Operations (UKMTO) အဖွဲ့အစည်းက ပြောကြားခဲ့သည်။ ယီမင်မှ အီရန်ကျောထောက် နောက်ခံပြုထားသော ဟူသီ စစ်သွေးကြွများသည် ဂါဇာကမ်းမြှောင်၌ အစ္စရေး၏စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ပင် လယ်နီတွင် ကုန်တင်သင်္ဘောများအား အရှိန်မြှင့် တိုက်ခိုက်လျက်ရှိရာ သင်္ဘောလိုင်း မျိုးစုံတို့သည် အာဖရိကတစ်ဝိုက်တွင် ခရီးရှည်သွားမည့်အစား သွားလာမှုများကို ရပ်ဆိုင်းထားရသည်။

       “သင်္ဘောနဲ့ အမှုထမ်းတွေက ဘေးကင်းကြောင်း သတင်းပို့ထားပါတယ်” ဟု UKMTO မှ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ အကြံပေး ချက်တွင် ထည့်သွင်းပြောကြားခဲ့ပြီး၊ ဂါဇာ ကမ်းမြှောင်ဒေသတွင် အစ္စရေးက ပဋိပက္ခများရပ်တန့်သွားသည်အထိ ဟူသီသူပုန်များ အနေဖြင့် ဆက် လက် တိုက်ခိုက်သွားမည်ဟု ကတိပြုထားပြီး ၎င်းတို့ကိုယ်တိုင် ပစ်မှတ်ထားခံရပါက အမေရိကန်စစ်သင်္ဘောများကို တိုက်ခိုက်မည်ဟု သတိပေးထားကြောင်း ရိုက်တာသတင်းအရ သိရသည်။

     ထိုကဲ့သို့ ပင်လယ်နီဒေသအတွင်း သင်္ဘောလမ်း များကို တိုက်ခိုက်မှုများသည် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဗြိတိန်စီးပွားရေးအပေါ် သက် ရောက်မှု ရှိနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဂျယ်ရမီဟန့်က ဇန်နဝါရီ ၆ ရက်၊ စနေနေ့တွင် ပြောကြားခဲ့သည်။

      ယီမင်ရှိ အီရန်နှင့် မဟာမိတ်ပြုထားသော ဟူသီ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများသည် ဗြိတိန်တွင် ဈေးနှုန်းများ မြင့်တက်လာနိုင်သလားဟု BBC သတင်းဌာနက မေးမြန်းမှုအပေါ် Hunt က “ဒါဟာ သက်ရောက်မှု ရှိနိုင်ပြီး အဲဒါကို မိမိတို့ အရမ်း ဂရု တစိုက် စောင့်ကြည့်သွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

#PAN