တစ်နှစ်ကို ကီလိုဝပ်နာရီ ၅ ဘီလီယံ ထုတ်လုပ်ပေးနိုင်မည့် ဆိုလာ ဓာတ်အားပေးစက်ရုံ ဖိလစ်ပိုင် တည်ဆောက်မည်

ဇန်နဝါရီ ၄
 
    ဖိလစ်ပိုင်နိုင်ငံရှိ  SPNEC ကုမ္ပဏီက အလွန်ကြီးမားသော ဆိုလာဓာတ်အားပေး စက်ရုံကို နိုင်ငံအလယ်ပိုင်းရှိ လူဇွန်ကျွန်း၌ တည်ဆောက်သွားမည်ဖြစ်ကြောင်း  သိရသည်။
အဆိုပါ  နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည်    တစ်နှစ်လျှင် ကီလိုဝပ်နာရီ ၅ ဘီလီယံအထိ ထုတ်လုပ်ပေးနိုင်မည်ဟု ထိုကုမ္ပဏီက ထုတ်ပြန်ထားသည်။
ထိုစီမံကိန်းကို တာရာဆိုလာစီမံကိန်းဟု အမည်ပေးထားပြီး မြေနေရာဟက်တာ ၃၅၀၀ ပေါ်တွင်  တည်ဆောက်သွားမည်ဖြစ်ကာ စီမံကိန်း ပထမအဆင့်ကို ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ပြီးစီးမည်ဟုမျှော်မှန်းထားသည်။
“စီမံကိန်းကို သတ်မှတ်ချိန်အတွင်း အပြီးသတ်နိုင်စေဖို့အတွက် မြေနေရာရှင်းလင်းရေး လုပ်ငန်းကို စတင်လုပ်ဆောင်နေပါပြီ။
ဒီစီမံကိန်းမှာ ဆိုလာပြား အချပ်ရေ ၅ သန်းကျော် တပ်ဆင်သွားမှာဖြစ်ပြီး မဟာဓာတ်အားလိုင်းနဲ့  ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစီမံကိန်းအတွက် ပီဆို ဘီလီယံ ၂၀၀ အသုံးပြုသွားမည် ဖြစ်ကာ လျှပ်စစ်ဓာတ်အား ၃၅၀၀ မဂ္ဂါဝပ်ထွက်ရှိစေမည့် ဆိုလာပြားများနှင့် မဂ္ဂါဝပ်နာရီ ၄၀၀၀ ကို သိုလှောင် ထိန်းသိမ်းနိုင်မည့်   ဘက်ထရီများကို   တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။  

PAN

Telegram link

https://t.me/positiveanglenews