ဒီဇင်ဘာလ ပုပ္ပါးတောင်တက်ပွဲမှာ ပါဝင်တက် ရောက်သူများပြားလျက်ရှိ

ဒီဇင်ဘာ ၂၉

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်မကြီး၏ ဒီဇင်ဘာ လ တောင်တက်ပွဲတွင် ပါဝင်တက်ရောက်သူများပြား သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရပါသည်။

      အဆိုပါ ပုပ္ပါးတောင်တက်ပွဲတွင် တောင်တက်သူဦးရေ ၂,၅၀၀ ကျော်ပါဝင်ပြီး မကွေး၊ ရေနံချောင်း၊ ချောက်၊  စလေ၊ တောင်သာ၊ မိတ္ထီလာ၊ ငါ့သရောက်၊ ညောင်ဦး၊ ပုဂံ၊ ဝဲလောင်၊ ပုပ္ပါးလွင်ရွာ၊ ကံဇာတ်ကုန်းရွာ၊ အင်ချောင်းရွာနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့မှ တောင်တက်ဝါသနာရှင်များ စုပေါင်းတက်ရောက်ကြသည်ဟု ဆိုသည်။

       တောင်တက်သူများက  အမြင့်ပေ ၄,၆၀၀ ခန့်ရှိ ဆေးမွန်တောင်နှင့် ပုပ္ပါးတောင်၏ အမြင့်ဆုံးတောင် ထိပ်ဖြစ်သည် အမြင့် ၄,၉၈၁ ပေရှိ မှန်ပြတောင်တို့သို့ တက်ရောက်ကြခြင်း ဖြစ်ပါသည်။

      တောင်တက်သူအများစုက မိတ်ဆွေအပေါင်း အသင်းများနှင့် တက်ရောက်ကြခြင်း၊ မိသားစုလိုက် တက်ရောက်ကြခြင်းများရှိကြပြီး ဒီဇင်ဘာလ တစ်လလုံး ပုပ္ပါးတောင်မကြီးသို့ နေ့စဉ်တောင်တက်သူများပြားလျက်ရှိသည်ဟု သိရပါသည်။ 

#PAN