ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဂါဇာ ဆုံးဖြတ်ချက် အဆိုအပေါ်မဲပေးရန် ထပ်မံနှောင့်နှေးခဲ့

ဒီဇင်ဘာ ၂၃

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လက်ရှိအချိန်တွင် အမေရိကန်မှ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ထောက်ခံမည့် အရိပ်လက္ခဏာ ရှိသောကြောင့် အစ္စရေးနှင့် ဟားမတ်စ်အကြားစစ်ပွဲအပေါ် ဆုံးဖြတ် ချက်အဆိုကို မဲပေးရန် နှောင့်နှေးမှုပေါင်းများစွာဖြင့် ဒီဇင်ဘာ၂၂ ရက်၊ သောကြာ နေ့သို့ ထပ်မံရွှေ့ဆိုင်းသွားခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

       ၎င်းသည် ယခုရက်သတ္တပတ်တွင်း အမေရိကန်၏ မဲပေးမှု ရရှိရန် သံတမန်များက ကြိုးပမ်းနေသော ကြောင့် လုံခြုံရေးကောင်စီတွင် လေးကြိမ်မြောက် နှောင့်နှေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင် သတင်းအရင်းအမြစ်များအရ မဲပေးမှု အသစ်အတွက် အခက်အခဲဖြစ်နေသည့် အချက်တစ်ချက်မှာ ဂါဇာကမ်းမြှောင်အတွင်း အကူအညီများ ကောင်းစွာ ရောက်ရှိသွားရေးအတွက် ကုလသမဂ္ဂမှ စောင့်ကြည့်စစ်ဆေးမည့် ယန္တရားစနစ်ကောင်းကို ဖန်တီးရန် အဆို ပြုချက်ဖြစ်ပြီး “လူသားချင်းစာနာထောက်ထားသည့် အကူအညီများ အတားအဆီး အဟန့်အတား မရှိပဲ အလျှင်အမြန်ရရှိရန်နှင့် လုံခြုံစွာ ချက်ချင်းခွင့်ပြုရန် အရေးပေါ်ခြေလှမ်းနှင့် “စစ်မက်ဖြစ်ပွားခြင်းမှ လုံးဝရပ်ဆိုင်းရေး အခြေအနေ ဖန်တီးရန်” တို့အတွက် တောင်းဆိုခဲ့ရာ နောက်ဆုံးမူကြမ်းအရ ၎င်းတောင်းဆို ချက်နှင့် စာသားများလည်းပဲ လျော့ကျသွားပြီဟု သိရှိရသည်။

       AFP မှ သိရှိရသည့် မူကြမ်းအရ အာရပ်စော်ဘွားများနိုင်ငံမှ တောင်းဆိုသည့် ဆုံးဖြတ်ချက် အဆိုကို အဓိကကျသည့် ဧရိယာနယ်ပယ်များတွင် အမေရိကန်နှင့် အပေးအယူ ညှိနှိုင်းမှု များစွာဖြင့် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး/ အမြဲတမ်း ကိုယ်စားလှယ် Linda Thomas- Greenfield မှ ပြောကြားရာတွင် မိမိတို့ ထောက်ခံနိုင်သည့် ဆုံးဖြတ် ချက်အဆို ထွက်ပေါ်လာစေရန် အာရပ်စော်ဘွားများနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ဖြင့် ယခင်ရက်များအတွင်း ဖြစ်စဉ်အပေါ် ကြိုးစားပြီး အပင်ပမ်းခံ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့တွင် ယခု ၎င်းဆုံးဖြတ်ချက်အဆိုကို ညှိနှိုင်းရရှိပြီးဖြစ်၍ ၎င်း အပေါ် မဲပေးရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

       ယင်းဆုံးဖြတ်ချက်အဆိုသည် “၎င်းတို့ လို အပ်သည့်လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ယူဆောင်လာလိမ့်မည်”ဟု Time of Israel သတင်းအရ သိရှိရသည်။

#PAN