နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံတမန်များနှင့်တွေ့ဆုံ

ဒီဇင်ဘာ ၁၇

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် ပေကျင်းမြို့၌ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များနှင့် တွေ့ဆုံခဲ့သည်။

      Mr. Wang Yi က လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ် – အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် တနေ့တခြားရင်းနှီးလာပြီး တစ်ကမ္ဘာလုံးရှေ့ပြေးတွင် ရှိနေကြောင်း၊  တရုတ်-အာဆီယံက “Belt and Road” အတူတကွတည်ဆောက်မှုသည် အရေးပါကြီးမားသော ရလဒ်များရရှိခဲ့ပြီး ခေတ်၏ရှေ့ ပြေးတွင် ရှိနေကြောင်း၊ တရုတ်နှင့် အာဆီယံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော အယူအဆကို တက်တက်ကြွကြွ အကောင်အထည်ဖော်ဆောင်ခြင်းကြောင့် ဒေသ၏ ရှေ့ပြေးတွင်ရှိနေကြောင်း၊ လွန်ခဲ့သည့်နှစ်ရက်က သမ္မတ ရှီကျင့်ဖျင် သည် ဗီယက်နမ်နိုင်ငံသို့ သမိုင်းဝင်အဖြစ် တရားဝင်ခရီးစဉ် သွား ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်ရှိသည့် တရုတ် – ဗီယက်နမ် အေးအတူပူ အမျှအသိုက်အဝန်း အတူလက်တွဲတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အရေးပါသော သဘောတူညီချက်များ ရရှိခဲ့ကာ ယင်းသည် တရုတ်-အာဆီယံ အေး အတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးအတွက် အရေးပါသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံအများစုနှင့်အတူ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွတည်ဆောက်ရေးအတွက် သဘောတူညီချက်များ အသီးသီးရရှိပြီးဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက် အဝန်း တည်ဆောက်မှုသည်လည်း အဆက် မပြတ်နက်ရှိုင်းခိုင်မာ လာကြောင်း၊ “ငြိမ်း ချမ်းသောအသိုက်အမြုံ၊ ဘေးကင်းလုံခြုံသော အသိုက်အမြုံ၊ စည်ပင်ဝပြောသော အသိုက် အမြုံ၊ သာယာလှပသော အသိုက်အမြုံ၊ ချစ်ကြည်ရင်းနှီးသော အသိုက်အမြုံ ဟူသည့် အသိုက်အမြုံကြီးငါးခု” တည်ဆောက်ရေးကိုလည်း အဆက်မပြတ်ဖော်ဆောင်လာသောကြောင့် ပိုမိုရင်းနှီးသည့် တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပြည့်ဝစွာ လက်တွေ့အကောင်အထည်ဖော်ဆောင်မှုများ ထောက်ပံ့ ပေးလိုက်ကြောင်း၊ အာဆီယံနိုင်ငံများ ၏ အကြီးမားဆုံး အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များနှင့် ချစ် ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကိုင်စွဲကာ အာဆီယံနိုင်ငံများ၏ ယုံကြည်အားကိုးရသော ရေရှည် ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာရှတိုက်ခေတ်မီမှုဖြစ်စဉ်ကို အတူတကွ ဖော်ဆောင်ကာ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ အေးအတူပူအမျှအသိုက်အဝန်း တည် ဆောက်ရေးအတွက် ပိုမိုကြီးမားသည့် အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

       Mr. Wang Yi  က မကြာသေးမီက တရုတ်နိုင်ငံ၏ တက်တက်ကြွကြွ ကြားဝင်စေ့စပ်မှုနှင့် အဆက်မပြတ် တွန်းအားပေးမှုဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘက်အသီးသီးသည် ကူမင်းမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင် ခဲ့ကာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတင်းမာမှု လျော့ကျလာခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အကျိုး စီးပွားနှင့်ကိုက်ညီသည့်အပြင် တရုတ် နိုင်ငံနှင့် အာဆီယံစသည့် ဒေသတွင်းနိုင်ငံအသီးသီး၏ ဘုံအကျိုး စီးပွားနှင့်လည်း ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများကို ဆက် လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူညီချက်များကို လက် တွေ့ကျကျ ဖော်ဆောင်ကာ အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ် ဆောင်၍ လက်ရှိအခြေအနေတင်းမာမှု လျော့ ကျစေရေးအတွက် လုပ်ဆောင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

      Mr. Wang Yi  က မြန်မာနိုင်ငံမြောက်ပိုင်းအရေးကိစ္စ၊ မြန်မာနိုင်ငံ အရေးကိစ္စတို့သည် မူ ရင်းသဘောအရ မြန်မာနိုင်ငံပြည်တွင်းရေးပင်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအရေးကိစ္စ ဖြေရှင်းမှု အတွက် အဖြေသည် မြန်မာနိုင်ငံပြည်သူလက်ထဲတွင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံက မြန်မာနိုင်ငံအရေး ကိစ္စတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းအား ထောက် ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံနိုင်ငံ များနှင့်အတူ မြန်မာနိုင်ငံအရေးကိစ္စ ကောင်းမွန်စွာဖြေရှင်းရေးအား တွန်းအားပေးသွားလိုကြောင်း အလေး ထား ပြောကြားခဲ့သည်။

     တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံတမန်များက တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ စည်ပင်ဝပြောမှုဖော်ဆောင်ရန် ကြီး မားသော အခွင့်အလမ်း ထောက်ပံ့ပေးလိုက်ကြောင်း၊ တရုတ် နိုင်ငံက အာဆီယံနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဖိုးတန်ပံ့ပိုးပေးမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ် နိုင်ငံနှင့်အတူ “Belt and Road” အတူတည်ဆောက်မှုဖော်ဆောင်ပြီး အပြန်အလှန်ချိတ်ဆက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်လိုကြောင်း၊ လာမည့်နှစ်တွင် နှစ်ဦးနှစ်ဖက် “လူမှုယဉ် ကျေးမှု ကူးလူးဖလှယ်ရေးနှစ်” အခွင့်အလမ်းဖြင့် လူပုဂ္ဂိုလ်ချင်း သွားလာဆက်ဆံမှုကို တိုးချဲ့ကာ အပြန် အလှန် နားလည်ယုံကြည်မှုကို တိုးမြှင့်လိုကြောင်း၊ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို အဆင့်သစ်သို့မြှင့်တင်ကာ ပိုမိုထွန်းလင်းသော၊ စဉ်ဆက်မပြတ်ဖြစ်သော အာဆီယံ-တရုတ် ဆက်ဆံရေးအနာဂတ်ကို ဖန်တီးပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလိုကြောင်း ပြောကြားခဲ့သည်။

      နှစ်ဦးနှစ်ဖက်က အတူတကွဂရုပြုသည့် နိုင်ငံ တကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် စပ်လျဉ်း ၍လည်း အမြင်ချင်းဖလှယ် ခဲ့ကြသည်။ အထက်ပါတွေ့ဆုံပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ အရှေ့တီမောနိုင်ငံသံအမတ်ကြီးလည်း တက်ရောက်ခဲ့သည်။

#PAN