မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာအနီး၊မြင်းခြံ-မြို့သာသွား ကားလမ်းမပေါ်တွင် ပြည်သူ့စစ်အရန်အဖွဲ့ဝင် တစ်ဦး သတ်ဖြတ်ခံရ

ဒီဇင်ဘာ ၁၆

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာအနီး၊မြင်းခြံ-မြို့သာသွား ကားလမ်းမပေါ်တွင် ယနေ့ ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုး သားတစ်ဦးကို အကြမ်းဖက် သမား PDF များက နောက်မှ လိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်ပြီး အဆိုပါ အမျိုးသားထံမှ ဆိုင်ကယ်နှင့် တယ်လီ ဖုန်းတို့ကို ယူဆောင်ထွက် ပြေးသွားသည်ဟု သိရပါသည်။

       ယနေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ဦးကျော်သူ၊၄၀နှစ်၊(ဘ)ဦးကိုဦး၊တောင်သူ၊ ကျောက်ကန်ကျေးရွာ၊မြင်းခြံမြို့နယ်နေသူသည် မြင်းခြံမြို့ နယ်၊ကျောက် ကန်ကျေးရွာနေအိမ်မှ မြင်းခြံမြို့ပေါ်သို့ ဈေးဝယ်ရန်အတွက် Scoopy ဆိုင်ကယ်နှင့် တစ်ဦးတည်းထွက်ခွာခဲ့ရာ မြင်းခြံ-မြို့သာသွားကားလမ်း သစ်ရုံကျေးရွာ အရှေ့မြောက်ဘက်သို့ ရောက်ရှိစဉ် ၎င်း၏ နောက်မှ အမည်မသိ အကြမ်းဖက်သမား ၂ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ဦးကျော်သူ စီးနင်းလာသော Scoopy ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အား ယူဆောင်၍ အနောက် မြောက်ဘက် တောလမ်းအတိုင်း မောင်းနှင်ထွက် ပြေးသွားကြောင်း သိရှိရပါသည်။

     သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကျော်သူ မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်​ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်ဟု ဆိုသည်။

     သေဆုံးသူ ဦးကျော်သူမှာ မြင်းခြံ ပြည်သူ့စစ် အရံအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အကြမ်းဖက်သမားများ၏ သတင်းအား လုံခြုံရေးအဖွဲ့များထံသို့ ပေးပို့နေသည့် အတွက် ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သိရပါသည်။