ကုလသမဂ္ဂက ၂၀၂၄ ခုနှစ်တွင် ကြုံတွေ့ရမည့် အကျပ်အတည်းအခြေအနေများကို တုံ့ပြန်ရန် အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံ မေတ္တာရပ်ခံချက် ကြေညာ

ဒီဇင်ဘာ ၁၅

       ကုလသမဂ္ဂ က ပြင်းထန်သော ငတ်မွတ် ခေါင်းပါးမှု၊ လူအမြောက်အမြား နေရပ်ရွှေ့ ပြောင်းနေထိုင်မှုနှင့် ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှုများကို ရင်ဆိုင်နေရသူ ၁၈၁ သန်းအား ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၄ ဘီလီယံ မေတ္တာရပ်ခံချက်ကို ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

      ထိုထုတ်ပြန်ကြေညာချက်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု သုံးသပ် ချက်ကို နိုင်ငံတကာ ပံ့ပိုးကူညီမှုက တစ်ရှိန်ထိုးမြင့်တက်လာနေသော လိုအပ်ချက်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လုံလောက်မှုမရှိကြောင်း အလေးထားပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် စွမ်းစွမ်း တမံ ထည့်ဝင်ကြရန် ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ် (Martin Griffiths) က ပြောကြားခဲ့သည်။

       ဂရစ်ဖစ် က ယခုနှစ်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ထည့်ဝင် ကူညီတဲ့ အလှူရှင်များကို ကျေးဇူးတင်ရှိကြောင်းနှင့် အဆိုပါ ပမာ ဏက လိုအပ်တာ၏ သုံးပုံတစ်ပုံ လောက်သာ ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်မှ အကူအညီများ မပေးနိုင်ခဲ့ဘူးဆိုပါက ကမ္ဘာ့ပြည်သူများ အသက်ဆုံးရှုံး ရပါလိမ့်မည်ဟု သတိပေးခဲ့သည်။

       လာမည့်နှစ်အတွက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအေဂျင်စီမှ ချမှတ်ထားသော ရည်မှန်း ချက်ပန်းတိုင်များကို ဖော်ပြထားပြီး ကမ္ဘာ့ပြည်သူ သန်း ၃၀၀ က အကူအညီလိုအပ်နေသော်လည်း ၎င်းတို့၏ တုံ့ပြန်မှုအစီအစဉ်က နိုင်ငံ ၇၂ နိုင်ငံရှိ အလိုအပ်ဆုံးပြည်သူ ၁၈၁ သန်းကို ဦးစားပေးရန် ရည်ရွယ်ထားကြောင်း ဂရစ်ဖစ် က ပြောခဲ့သည်။

       ထိုပမာဏမှာ ၂၀၂၃ ခုနှစ်က ခွဲဝေသတ်မှတ်ထားသော အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံမှ သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာကြီးသည် ပိုမိုခိုင်မာစွာ အမြစ် တွယ်နေပြီး အရပ် သားများကို ဆိုးရွားစွာထိခိုက်နေသောပဋိပက္ခများစွာနှင့် ရင်ဆိုင်ကြုံ တွေ့နေရကြောင်း၊ ကမ္ဘာတစ်ဝန်း ကလေးငယ် ၅ ဦးလျှင် တစ်ဦးနီးပါးက ပဋိပက္ခဇုန်များ၌ နေထိုင်သူ သို့မဟုတ် ယင်းနေရာများမှ ထွက် ပြေးနေရကြောင်း သိရသည်။

      အာဖဂန်နစ္စတန်နိုင်ငံတွင် ပြည်သူ ၁၀ သန်းက မေလနှင့် နိုဝင်ဘာလအတွင်း စားနပ်ရိက္ခာအကူအညီ ဆုံးရှုံးနေရသလို မြန်မာနိုင်ငံတွင်လည်း ပြည်သူ ၅ သိန်းကျော်က လုံခြုံမှုမရှိသော လူနေမှုအခြေအနေနှင့် ကြုံတွေ့နေရကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN