အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူဟန်းတားဘိုင်ဒင်အား အခွန်တိမ်းရှောင်မှုများဖြင့် စွဲချက်တင်ခံရ

ဒီဇင်ဘာ ၁၁

      အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ဟန်းတားဘိုင်ဒင်အား အခွန်တိမ်းရှောင်မှု ကိုးမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ဟန်းတားဘိုင်ဒင်အပေါ်ယခုစွဲချက်တင်လိုက်သည့် အခွန်တိမ်းရှောင်မှုများအပြင် ဒယ်လာဝဲလ်ပြည်နယ်တွင် စွဲချက်တင်ထားသည့် လက်နက်မှုများဖြင့်ပါ အရေးယူဆောင်ရွက်မည်ဆိုပါက လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဘိုင်ဒင်၏ ကြိုးပမ်းမှုများအပေါ် အကျိုးသက်ရောက်မှုများရှိလာမည် ဖြစ်သည်။

      ဟန်းတားဘိုင်ဒင်အား စွဲဆိုထားသည့်အမှုများတွင် အမှုကြီးသုံးမှုနှင့်အမှုငယ် ခြောက်မှုတို့ပါဝင်ပြီး ၎င်းအမှုများတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အခွန် ထမ်းဆောင်ရန်ပျက်ကွက်မှုနှင့် အခွန်ထမ်းဆောင်ရာတွင် အခွန်ကြေညာလွှာ မမှန်မကန်ပြုမှုများ ပါဝင်သည်။

       ဟန်းတားဘိုင်ဒင်သည် ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၄ သန်းကို အခွန် ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု စွဲချက်တွင်ဖော်ပြထားသည်။ ၎င်းအခွန်တိမ်းရှောင်ထားသည့် ငွေများဖြင့် ဇိမ်ခံဟိုတယ်များ၊ ထူးခြားဆန်းပြားသောကားများနှင့် မူးယစ်ဆေးဝါးများဝယ်ယူရန်အတွက် သုံးစွဲခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

#PAN