မြန်မာ့ကြက်သွန်နီ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ခွင့်ရရေး စီစဉ်ဆောင်ရွက်နေ

ဒီဇင်ဘာ ၁၁

      ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံကထွက်ရှိသည့် ကြက်သွန်နီတင်ပို့ခွင့်ရနိုင်ဖို့ မြန်မာနိုင်ငံဘက်က မီးဖို ချောင်သုံး သီးနှံစိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ကနဦးစီစဉ် ဆောင်ရွက်မှုများရှိနေ သည်ဟု သိရပါသည်။

       မြန်မာ့ကြက်သွန်နီများကို ဖိလစ်ပိုင်နိုင်ငံသို့ တရား ဝင်တင်ပို့ရောင်းချနိုင်ရန် အစိုးရချင်းသဘော တူညီမှု စာချုပ်(G to G)သဘောတူညီချက်ရရှိရေးအတွက် ကြက်သွန်နီနှင့် အရည်အသွေးကို အကဲဖြတ်ရန် အစမ်းတင်ပို့မှုကို ကနဦး ဆောင်ရွက်သွားမည်ဟု သိရပါသည်။

      အဆိုပါ သဘောတူညီမှုကို အကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မီးဖို ချောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့အနေနှင့် ဖိလစ်ပိုင်နိုင်ငံနိုင်ငံတကာကုန်သွယ်မှုကော်ပိုရေးရှင်း(PITC)၊ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနလက်အောက် ရှိ စက်ရုံနှင့် စက်မှုလုပ်ငန်းဗျူရိုတို့နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။

       ဖိလစ်ပိုင်နိုင်ငံသည် ဒီဇင်ဘာလတွင် ကြက်သွန်နီတန်ချိန် ၂၁,၀၀၀ တင်သွင်းဖွယ်ရှိကြောင်းကို စက် ရုံနှင့် စက်မှုလုပ်ငန်းဗျူရိုက နိုဝင်ဘာလ ၂၇ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ခရစ္စမတ်ကာလအတွင်း ကြက်သွန်နီပြတ်လပ်မှုကို ရှောင်ရှားရန်နှင့် ဖြစ်ပေါ်လာနိုင်သော ဈေးနှုန်းမြင့်တက်မှုကို ထိန်း ချုပ်ရန်အတွက် ကြက်သွန်နီပမာဏကို လုံလောက်စွာ တင်သွင်းမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အဆိုပါတင်သွင်းမှုမှာ ရောင်းချ နိုင်ရန်အတွက် ချိတ် ဆက်ဆောင်ရွက်နေသည်ဟု ​သိရပါသည်။

       ဖိလစ်ပိုင်နိုင်ငံအနေနှင့် တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံ တို့မှ ကြက်သွန်နီများကို တင်သွင်းလျက်ရှိနေကြောင်း သိရပါသည်။

#PAN