ပြည်ပနိုင်ငံတွေကနေ အထည်လိပ်ကုန်ကြမ်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိ

ဒီဇင်ဘာ ၁၀

       ယခုနှစ်အတွင်း CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်နေသည့် အထည်ချုပ်စက်ရုံများအတွက် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ အထည်လိပ်ကုန်ကြမ်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာနမှ သိရပါသည်။

       ပြည်ပနိုင်ငံများမှ အထည်လိပ်ကုန်ကြမ်းကို တင်သွင်းရာတွင် တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင်သွင်းနေခြင်းဖြစ်ကြောင်းနှင့် နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံများအတွက် လိုအပ်နေသည့် CMP အထည်လိပ်ကုန်ကြမ်းများကို လုပ်ငန်းအပ်နှံထားသည့် ပြည်ပနိုင်ငံများက တရုတ်နိုင်ငံ ဈေးကွက်မှတစ်ဆင့် ကုန် ကြမ်းပစ္စည်းများ အဓိကတင်သွင်းလျက် ရှိနေသည်ဟုဆိုပါသည်။

      ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံပမာ ဏခန့် တင်ပို့နိုင်ခဲ့ပြီး၊ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့နိုင်ခဲ့သည်ဟု သိရပါသည်။

       ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတွင်းသို့ အထည်ချုပ်လုပ်ငန်းများက ချုပ်လုပ်ထားသည့် CMP စနစ်နှင့်​ချုပ်သည့် အထည်များကို နိုင်ငံပေါင်း ၈၀ ကျော်ကို အဓိကထားပြီး တင်ပို့လျက်ရှိနေပါသည်။

      ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံ စသည့် အနောက် နိုင်ငံများမှာ မြန်မာ့ချုပ်ထည်များကို အဓိကတင်ပို့သည့် ဈေးကွက်များဖြစ်ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာနမှ သိရပါသည်။

#PAN