နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မက်ဂွိုင်းယား ရရှိ

ဒီဇင်ဘာ ၈

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က လစဉ်ပေးအပ်သည့်ဆုဖြစ်သော ပြီးခဲ့သည့် နိုဝင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်းခံစစ် ကစားသမား မက်ဂွိုင်းယားက ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်ကစားသမားစာရင်းတွင် မက်ဂွိုင်းယားသည် မန်စီးတီးအသင်းမှ ဒိုကူ၊ နယူးကာဆယ်အသင်းမှ ဂေါ်ဒွန်၊လူတန်အသင်းမှ ကာမင်စကီး၊ ချယ်လ်ဆီးအသင်းမှ စတာလင်း၊ ဘုန်းမောက်စ်အသင်းမှ တာဗာနီးယားတို့ နှင့်အတူ ပါဝင်လာကာ ၎င်းတို့ကိုကျော်ဖြတ်ပြီး ရရှိခဲ့ခြင်းဖြစ်ပါသည်။

အသက် ၃၀ အရွယ် မက်ဂွိုင်းယားသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်ယူအသင်း၌ အမှားအယွင်းများစွာပြုလုပ်ပြီး ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘဲ ရုန်းကန်ရမှုများကြောင့် ယခုဘောလုံးရာသီတွင် နည်းပြတန်ဟတ်၏ ယုံကြည်မှုမရရှိတော့ဘဲ နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက မန်ယူအသင်း၏ အရောင်းစာရင်းတင်ခံရပြီး ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း မပြောင်းရွှေ့ဖြစ်ဘဲ မန်ယူအသင်း၌သာ ဆက်လက်ကစားခဲ့ရခြင်းဖြစ်သည်။

မက်ဂွိုင်းယားသည် နိုဝင်ဘာလအတွင်း မန်ယူ အသင်းနှင့် သုံးပွဲပါဝင်ကစားခဲ့ရာ ခြေစွမ်းပြနိုင်ခဲ့ပြီး သုံးပွဲစလုံး ဂိုးမပေးရအောင် ခံစစ်တွင် အကောင်းဆုံး စွမ်းဆောင်နိုင်သည့် အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။