တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်သည့်အဖွဲ့က ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး ဆိုင်ကယ်လုယက်

ဒီဇင်ဘာ ၇

      ခိုးဆိုးလုယက်မှုများ နေ့စဉ် နီးပါး အလွယ် တကူ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်မှုအတွင်း မရပ်ပေး၍ဟုဆိုကာသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

      အဆိုပါ ဖြစ်စဉ်သည် တာချီလိတ်စစ်ဗျူဟာနှင့် လေဆိပ်အနီး လမ်းပေါ်တွင် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာဖြင့် ဆေးရုံတွင် ကွယ်လွန်သွားသည်ဟု ဆိုသည်။

      သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူမှာ အသက် ၂၅ နှစ်အရွယ် ကိုယောလှဆိုသူဖြစ်ပြီး ၎င်းသည် တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း နမ့်ပိန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ “သိရသလောက်ကတော့ ဆိုင်ကယ်လုဖို့တားတာ မရပ်လို့ဆိုပြီး သေနတ်နဲ့ (၂)ချက် ပစ်လိုက်တာလို့ သိရတယ်။ သူက သိပ်သဘောကောင်းပြီး ရိုးသားတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာလည်း (၁၁)လသားလောက်အရွယ် ကလေးငယ်တစ်ယောက်လည်းရှိတယ်။ တာချီလိတ်မှာ ဆိုင်ကယ်လုတဲ့အဖွဲ့တွေ အရမ်းအတင့်ရဲနေတယ်။ ညဖက် အလုပ်ပြန်ချိန်ဆိုလည်း ကိုယ့်အိမ်ကိုတောင် မပြန်ရဲဘူး။ တာချီလိတ်မှာတော့ ညဖက်ရယ်လို့လည်းမဟုတ်ဘူး။ နေ့တွေပါ ဖြစ်ပျက်နေတော့ အပြင်ထွက်ရင် အတော်သတိထားသွားလာနေရတယ်။”ဟု တာလေမြို့၊ နားယောင်းအုပ်စုအုပ် ချုပ်ရေးမှူး ဦးအောင်ထန် ဆိုသူက ပြောပြလာသည်။  

      တာချီလိတ်မြို့တွင် လူ့အသက်ကို အန္တရာယ် ပြုပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များမှာ များသော အားဖြင့် ဓါးဖြင့်ခုတ်သည့် လုယက်မှုအပြင် ယခုလို သေနတ်ဖြင့် ပစ်ခတ်ပြီး လုယက်သည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

      “တာချီလိတ်မှာ ဆိုင်ကယ် လုတဲ့အဖွဲ့ရှိနေတာကို တာဝန်ရှိသူတွေကလည်း သိတယ်။  သက် သက်လွတ်ထားပေးတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒီလ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းကလည်း လူ ၆ ယောက်က အမျိုး သမီးတစ်ဦးကို ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုတဲ့ ဖြစ်စဉ်ဆိုရင်လည်း အဲ့ဒီလူ ၆ ယောက် ဘယ်မှာနေတယ်ဆိုတာကို သိသူတွေက ရဲကို သွားပြောတော့လည်း သူတို့က စိတ်ဝင်တစား ဖမ်းဆီးအရေးယူပေးတာမျိုးမရှိဘူး။ ဒေသတွင်း သတင်း page တွေမှာလည်း ဒီလို သတင်းမျိုး မတင်ရဲဘူး တင်တာနဲ့ လုံခြုံရေတာဝန်ရှိသူတွေက ဖုန်းဆက်ပြီး ပြန်ဖြုတ်ခိုင်းတာတွေရှိတယ်။ အခုလို ဖြစ်စဉ်မျိုး နေ့တိုင်းနီးပါး ကြားနေရတယ်” ဟု တာချီလိတ်မြို့မှ သတင်းလုပ်ငန်းလုပ်ကိုင်သည့် အမည်မဖော်လိုသူ တစ်ဦးက လက်ရှိအခြေအနေများကို ပြောပြလာခဲ့သည်။

      အဆိုပါ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၄ ရက်နေ့  နံနက် ၄ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက်(ခ) ဆေခမ်းရပ်ကွက်ရှိ ဈေးအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခိုးဆိုးလုယက်သူ ဆိုင်ကယ် ၃ စီးနှင့် လှည့်လည်နေသည့် အမျိုး သား ၆ ဦးက ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးကို ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်သွားသည်ကို CCTV မှတ်တမ်းတွင် တွေ့ခဲ့ရကြောင်း၊ ၎င်း တရားခံများကို သိရှိသူ ပြည်သူများက ၎င်းတို့နေထိုင်ရာ နေအိမ်အတိအကျကို ခရိုင်အဆင့်တာဝန်ရှိသူများထံ သတင်းပေးတိုင်ကြားခဲ့ရာမှ သွားရောက်ဖမ်းဆီးခဲ့သည်ဟု သိရပါသည်။

       အဆိုပါ တရားခံများ အခန်းငှားနေထိုင်ရာ နှင်းဆီတည်းခိုခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ဝင်ရောက်ဖမ်းဆီးရာ တရားခံ ၆ ဦးအနက် ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဟောင်လိတ်ရဲစခန်းမှလိုအပ်သည့်စစ်ဆေးမှု့များပြုလုပ်နေကြောင်းနှင့် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက တာချီလိတ်စစ်ဗျူဟာနှင့် လေဆိပ်အနီး လမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးသည့် ဆိုင်ကယ်လုယက်သူများသည်လည်း ယခုဖမ်းဆီးရမိထားသူများသာဖြစ်ကြောင်း သိရပါသည်။

     တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လု ယက်သည့် ဖြစ်စဉ်များကို လူအနည်းဆုံး ၂ ဦးအထက် အုပ်စုဖွဲ့ကာ လုပ်ဆောင်လေ့ရှိပြီး ၎င်းတို့သည် Mask များကို တပ်ထားကြခြင်း၊ ဆိုင်ကယ်စီးဦးထုပ် သို့မဟုတ် ရိုးရိုးဦးထုပ်များကို ဆောင်းထားလေ့ရှိကြောင်း သိရသည်။

      တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး လုယက်မှုအများဆုံးဖြစ်ပွားသည့် နေရာများမှာ ပုန်းထွန်ရပ် ကွက်နှင့် ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးဝန်းကျင်ရှိ လမ်းသွယ်များအပြင် ဆန်ဆိုင်းရပ်ကွက် နှင့် ဝိန်းကျောက်ရပ် ကွက်၊ ရန်အောင် မြေရပ်ကွက် အပြင် မယ်ခေါင်ရပ်ကွက်တို့ အဖြစ်များသည့်အပြင် ဟောင်လိတ်မီးပွိုင့်လမ်းဆုံနှင့် လေယာဉ် ကွင်းလမ်းဆုံ ဝန်း ကျင်တို့တွင်လည်း အဖြစ်များကြောင်း သိရသည်။

#PAN