ပရီးမီးယားလိဂ်သတင်းများ

ဒီဇင်ဘာ ၆

• နာမည်ကျော်သတင်းဌာန ၄ ခုကို သတင်းယူခွင့်ပိတ်လိုက်တဲ့ မန်ယူအသင်း

      မန်ယူအသင်းနှင့် ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူမယ့်  Sky, ESPN, Manchester Evening News နဲ့ Mirror သတင်းဌာနရဲ့ နာမည်ကျော်ဂျာနယ်လစ်တွေကို မန်ယူအသင်းက သတင်းယူခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

       အဆိုပါ သတင်းဌာနတွေက မန်ယူအသင်းမှာ စည်းလုံးမှုပြိုကွဲနေပြီး ကစားသမားတချို့က နည်းပြ  တန်ဟက် ကြောင့် မပျော်ရွှင်တော့ဘူးလို့ သတင်းတွေရေးသားဖော်ပြခဲ့တဲ့အတွက် အခုလို သတင်းယူခွင့်ပိတ်ပင်ခဲ့တာ ဖြစ်တယ် လို့ မန်ယူအသင်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းက အခုလိုသတင်းတွေကို မမှန်မကန် ဖော်ပြပြီး အသင်းဘက်ကို တရားဝင်ဆက်သွယ်ခြင်းမပြုတဲ့ သတင်းဌာနတွေကို ပိတ်ပင်တာဟာ မှန်ကန်တဲ့လုပ်ရပ် ဖြစ်တယ် လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

• ဒီကလန်ရိုက်စ် ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်း

      ဒီဇင်ဘာလ ၅ ရက်က ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် အာဆင်နယ်အသင်းနဲ့ လူတန်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ လူတန်အသင်းကို ၄ ဂိုး ၃ ဂိုးဆိုတဲ့ရလဒ်နဲ့ ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ တာ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ အိမ်ရှင် လူတန်အသင်း ဟာ အာဆင်နယ်အသင်းကို အကောင်းဆုံးဖိအားပေး ကစားထား နိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို နာကျင်အချိန်ပို ၉၇ မိနစ်မှာ ဒီကလန်ရိုက်စ် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဂိုးကြောင့်  အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားကို ဆက် လက်ဦးဆောင်နိုင်ခဲ့ပြီး လူတန်အသင်းရဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ ရတဲ့ရလဒ်ဆိုးကို ချေဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကလန်ရိုက်စ် ရဲ့ သွင်းဂိုးဟာ ၂၀၀၆−၀၇ နောက်ပိုင်း အဝေးကွင်းမှာ နောက်အကျဆုံး အနိုင်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

• ဒီဂီယာ ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ နယူးကာဆယ်အသင်း

      နယူးကာဆယ်အသင်းဟာ ဂိုးသမား နစ်ပုပ်ရဲ့ပခုံးဒဏ်ရာရရှိခဲ့တာကြောင့် မန်ယူအသင်း ဂိုး သမားဟောင်း ဒီဂီယာ ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နစ်ပုပ် ဟာ ပခုံးဒဏ်ရာကြောင့် အနည်းဆုံး ၄ လဝန်းကျင်ခန့် အနားယူရဖို့ ရှိနေတဲ့အတွက် နယူးကာဆယ် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက် ချက် ဖြစ်လာနိုင်ပါတယ်။ နယူးကာဆယ်အသင်းက နစ်ပုပ် ကို ရာသီ မကုန်ခင် ပြန်ကစားလာနိုင်ဖို့ မျှော်လင့်ထားပေမယ့် သူ့နေရာအစားထိုးဖို့ ရွေး ချယ်စရာဂိုးသမားတွေကို စတင်ရှာဖွေ နေတာ ဖြစ်ပါတယ်။

        လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ မန်ယူအသင်း ဂိုးသမားဟောင်း ဒီဂီယာ ကို နယူးကာဆယ် အသင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂီယာအနေနဲ့ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပါက လုပ်ခလစာ လျော့ယူရဖွယ် ရှိနေပါတယ်။

• ဂွါဒီယိုလာ က ထိပ်တန်းကစားသမားတစ်ဦးဖြစ်အောင် လုပ်ဆောင်ပေးနိုင်သူလို့ဆိုလိုက်တဲ့ ဒိုကူ

      မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူ က နည်းပြ ဂွါဒီယိုလာ ဟာ မိမိကို နောက်အဆင့်တစ်ခုသို့ ရောက်ရှိအောင် လုပ် ဆောင်ပေးနိုင်မည့်သူဖြစ်တယ်လို့ ယုံကြည်တာကြောင့်  မန်စီးတီးအသင်းကို ပြောင်းရွှေ့လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

       ဒိုကူ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်အရွှေ့ကာလက ပြင်သစ်ကလပ် ရီနင်းအသင်းကနေ မန်စီတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မန်စီးတီးအသင်းအတွက် ၁၁ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

• လစ်လပ်နေတဲ့ နည်းပြနေရာအတွက် နည်းပြဟောင်း ခရစ္စဝိုင်ဒါ ကို အစားထိုးလိုက်တဲ့ ရှက်ဖီးအသင်း

      ရှက်ဖီးအသင်း ဟာ လစ်လပ်နေတဲ့ အသင်းနည်းပြရာထူးအတွက် နည်းပြဟောင်းဖြစ်သူ ခရစ္စဝိုင်ဒါ ကို ဒီဇင်ဘာလ ၅ ရက်က အစားထိုးခန့်အပ်ခဲ့လိုက်တယ်လို့ သိရပါတယ်။

      အသက် ၅၆ နှစ်အရွယ်ရှိ အင်္ဂလန်လူမျိုးနည်းပြ ခရစ္စဝိုင်ဒါ ဟာ ရှက်ဖီးယူနိုက်တက်အသင်းကို ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပြီး မစ်ဒယ်ဘရော့နှင့် ဝက်ဖို့ဒ်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

      ရှက်ဖီးယူနိုက်တက်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်ရလဒ်ဆိုးများကြောင့် ဒီဇင်ဘာ ၅ ရက်က နည်းပြ ပေါလ်ဟက်ကင်ဘော်တွန် ကို ရာထူးမှထုတ် ပယ်ခဲ့ပြီးနောက် ဝိုင်ဒါ ကို နည်းပြသစ်အဖြစ် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ပြန်လည်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

      ရှက်ဖီးယူနိုက်တက်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိထားပြီး ၂ ပွဲသရေ၊ ၁၁ ပွဲရှုံးနိမ့်ကာ ရမှတ် ၅  မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။

#PAN