တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးထောက်လှမ်း ရေးဂြိုဟ်တု အောင်မြင်စွာလွှတ်တင်

ဒီဇင်ဘာ ၃

      မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်ဆိုင်ရာ လှုပ်ရှားမှုများကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်မည့် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးထောက်လှမ်းရေးဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ယမန်နေ့တွင် ပြောကြားသည်။

       ဂြိုဟ်တုတင်ဆောင်လာသည့် SpaceX Falcon 9 ဒုံးပျံကို ဒီဇင်ဘာ ၁ ရက် ဒေသစံတော် ချိန် နံနက် ၁၀ နာရီ ၁၉ မိနစ်တွင် အမေရိကန်နိုင်ငံ အနောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်မှ လွှတ်တင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

       ဂြိုဟ်တုကို ဒုံးပျံနှင့်ခွဲထုတ်ပြီး စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ ပို့လွှတ် ထားခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

      ဂြိုဟ်တုသည် အမြင့် ကီလိုမီတာ ၄၀၀ မှ ၆၀၀ ကြား၌ တည်ရှိကာ ကမ္ဘာကို လှည့်ပတ်မည်ဖြစ်သည်။ ၎င်းသည် မြေပြင်ပေါ်ရှိ စင်တီမီတာ ၃၀ ခန့် သေးငယ်သည့် အရွယ်အစားရှိအရာဝတ္ထုများကို ထောက်လှမ်းဖော်ထုတ်နိုင်ကြောင်း တောင်ကိုရီးယားမီဒီယာက သတင်းဖော်ပြသည်။တောင်ကိုရီးယားသည် ၂၀၂၅ ခုနှစ်တွင် အာ ကာသအတွင်းသို့ နောက်ထပ်ထောက် လှမ်းရေးဂြိုဟ်တုလေးစင်း ထပ်မံပို့လွှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

      ဂြိုဟ်တုစနစ်ဖြင့် မြောက်ကိုရီးယားကို စောင့်ကြည့်လေ့လာခြင်းသည် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ ရှေ့ပြေးပုံရိပ်များကို ဖမ်း ယူနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော်က ဆိုသည်။
      မြောက်ကိုရီးယားက ၎င်း၏ကိုယ်ပိုင်ထောက် လှမ်းရေးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ အနောက် တောင်ပိုင်းရှိ ကာဒီနာလေတပ်စခန်း အပါအဝင် အိမ်ဖြူတော်နှင့် အမေရိကန်အခြေစိုက်စခန်းများ၏ ဓာတ်ပုံများကို ဂြိုဟ် တုမှ ရိုက်ကူးခဲ့ကြောင်းလည်း သိရသည်။ သို့သော် ပြုံယမ်းသည် မည်သည့်ဓာတ်ပုံကိုမျှ ထုတ်ပြန်ခြင်းမရှိသေးပေ။

#PAN