စက်မှုဇုန်များ မိမိအစီအစဉ်ဖြင့် စက်သုံးဆီသွင်းရမည်

ဒီဇင်ဘာ ၃

      စက်မှုဇုန်များကို နိုင်ငံတော်အစီအစဉ်နှင့် စက်သုံးဆီရောင်းချမပေးတော့ဘဲ စက်မှုဇုန်လုပ်ငန်းရှင်များက မိမိ အစီအစဉ်နှင့် တင်သွင်းရတော့မှာဖြစ်သည်ဟု မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။ လာမည့် ဒီဇင်ဘာလ ၅ ရက်ကစတင်ပြီး စက်မှုဇုန်များကို နိုင်ငံတော်အစီအစဉ်နှင့် စက်သုံးဆီရောင်းချမပေးတော့ဘဲ မိမိတို့ အစီအစဉ်နှင့် တင်သွင်းရန်အတွက် စက်မှုဇုန်အားလုံးကို အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုပါသည်။

       စက်မှုဇုန်များအနေနှင့် မိမိအစီအစဉ်နှင့် စက်သုံးဆီတင်သွင်းခိုင်းထားသော်လည်း တစ်ဖက်တွင် ပုံမှန်ပံ့ပိုးနိုင်ရေးအတွက် လိုအပ်တာများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ ယခုလို စက်မှုဇုန်များ အနေနှင့် ကိုယ်ပိုင်အစီအစဉ် စက်သုံးဆီတင်သွင်းခြင်းကို ကုန်သည်စက်မှု အသင်းချုပ် UMFCCI နှင့် စက်သုံးဆီအသင်းများက ဦးဆောင် ဆောင် ရွက်မှာ ဖြစ်သည်ဟုလည်း သိရပါသည်။

       စက်မှုဇုန်လုပ်ငန်းရှင်များအနေနှင့် ပို့ကုန်ဝင်ငွေ ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးကွက်တွင် လွတ်လပ်စွာ ရောင်းချခွင့် ပြုရန်နှင့် ၎င်းမှရရှိလာမည့် အမြတ်ငွေနှင့် စက်သုံးဆီဝယ်ယူနိုင်ရန်အတွက် တင်ပြထားသည်ဟုလည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်လုပ်ငန်းရှင် တစ်ယောက်က ပြောပါသည်။

      ဒီဇင်ဘာလ ၁ ရက်အတွက် ရန်ကုန်စက်သုံးဆီ ရည်ညွှန်းလက်လီဈေးမှာ 92 Ron တစ်လီတာကို ၂,၅၁၀ ကျပ်၊ 95 Ron တစ်လီတာကို ၂,၆၄၀ ကျပ် သတ်မှတ်ထားသည့်အတွက် ယခင်နေ့ကထက် တစ်လီတာကိုကျပ် ၃၄၀ စီ မြင့်တက်သွားငည်ဟု​လည်း သိရပါသည်။

#PAN