ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဘယ်လင်ဟမ် စံချိန်သစ်တင်

နိုဝင်ဘာ ၃၀

ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ယနေ့ နံနက်အစောပိုင်းက ချန်ပီယံလိဂ် ပွဲစဉ်-၅ (ဒုတိယနေ့)အဖြစ် ကစားသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် နာပိုလီအသင်းတို့ ပွဲစဉ်၌ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ရာသီအစ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက အိမ်ကွင်း၌ နာပိုလီအသင်းကို (၄-၂)ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဘယ်လင်ဟမ်က ၂၂ မိနစ်တွင် အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ပြီး အကောင်းဆုံးကစားသမားဆု(player of the match)ကိုလည်းရရှိခဲ့ကာ ယခုဘောလုံးရာသီ၌ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၁၅ ဂိုးအထိရှိလာပြီးနောက် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ စံချိန်တင်ပြောင်းရွှေ့ ကြေးတစ်ရပ်ဖြင့် ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနေကာ စံချိန်မှတ်တမ်းကောင်း များစွာကိုလည်း ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ရာသီအစ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားများအဖြစ် ဘယ်လင်ဟမ်မတိုင်မီက ဂန္ထဝင်ကစားသမားများ ဖြစ်သည့် စီရော်နယ်ဒိုနှင့် ဒီစတီဖန်နိုတို့က ၁၃ ဂိုးစီဖြင့် လည်းကောင်း၊ ပွက်ကက်ရှ် က ၁၁ ဂိုးဖြင့် လည်းကောင်း ရပ်တည်နေခြင်းကို ဘယ် လင်ဟမ်က စီရော်နယ်ဒိုနှင့် ဒီစတီဖန်နိုတို့ကို ၂ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။