မဟာအောင်မြေမြို့နယ်၊မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာ နာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဌ၊အဘိဓဇမဟာရဋ္ဌဂုရု၊စည်ရှင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဥာနာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ


နိုဝင်ဘာ ၁၉

ယနေ့ နံနက် ၉ နာရီ ၃၃မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၂၇၆)၊ ၈၆×၈၇ လမ်းကြား၊ ၃၆×၃၇ လမ်းကြားရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက၊ ရွှေကျင် နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဥာနာဘိဝံသ၊ သက်တော် ၈၅ နှစ်၊ ဝါတော် ၆၆ ဝါသည်  ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရှိရပါသည်။

ဆရာတော်ကြီးသည် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေရာမှ ပျံလွန်တော်မူခဲ့ပြီး ရုပ်ကလာပ်တော်အား မြန်မာနိုင်ငံသို့ လေယာဥ်ဖြင့် ပြန်လည်ပင့်ဆောင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နေ့လည် ၂ နာရီအချိန်တွင် စျာပန ဖြစ်မြောက်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ရာ အခမ်းအနားသို့ ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် ဆရာတော် အဝေယာရာမ၊ရန်ကင်းကျောင်းတိုက်မှ ဘဒ္ဒန္တဩဒါတာသိရီဘိဝံသ၊ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် ကျောက်မဲဆရာတော် ဘဒ္ဒန္တစန္ဒနသာရနှင့် နာယကဆရာတော်ကြီးများ၊ တိုင်းသာသနာရေးညွှန်ကြားရေးမှူး ဦးကျော်လှိုင်နှင့် သာသနာရေးဆိုင်ရာ တာဝန်ရှိသူများ၊စုစုပေါင်း သံဃာ ၃၀ ပါးနှင့်လူပုဂ္ဂိုလ် ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် ဆရာတော်မှ စျာပနအခမ်းအနားအား ဆင်းရဲဒုက္ခ နည်းနိုင်သမျှ နည်းအောင်၊ မလိုအပ်တာတွေ မလုပ်ရန်၊ ပျံလွန်တော်မူသော ဆရာတော်ကြီးမှ စိတ်ဆန္ဒရှိသဖြင့် လိုက်နာရန်၊ ဆရာ တော်ကြီး၏ ဂုဏ်နှင့်ညီအောင်ဆောင်ရွက်ရန်၊ ရွှေကျင်ဂိုဏ်း ထုံးတမ်းစဥ်လာမပျက်အောင် ဆောင်ရွက်ရန် စသည့် စျာပနနှင့် ပတ်သက်၍ ဆုံးမဩဝါဒစကားပြောကြားခဲ့ကြောင်း၊ ဆက်လက်ပြီး စျာပနအခမ်းအနားအတွက် ဆွေးနွေးခဲ့ရာ ရုပ်ကလာပ်တော်အား ၅ ရက်အပူဇော်ခံ ထားရှိမည်ဖြစ်ပြီး တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့ ၂၃-၁၁-၂၀၂၃ ရက်နေ့တွင် အန္တိမစျာပန အခမ်းအနားပြုလုပ်ရန်၊ စျာပန အခမ်းအနားအား နေ့ ၁၂ နာရီတွင်ကျင်းပရန်၊ စျာပနပို့ဆောင်ရန် အဆင်ပြေ မည့် နေရာဖြစ်သော အမရပူရမြို့နယ်၊ရှမ်းကလေးကျွန်း ကျေးရွာ၊ မြောက်ဘက်ရှိ မြေအလွတ်နေရာနှင့် ချမ်းမြသာစည် မြို့နယ်၊ ဆင်ဖြူကန် ကွင်းနေရာတို့အနက် တစ်နေရာအား ညှိနှိုင်းရွေးချယ်ရန်၊ အရိုးပြာရေမျှောခြင်းများ မပြုလုပ်တော့ရန် ဆုံးဖြတ်ခဲ့​ကြကြောင်း သိရှိရပါသည်။

၎င်းနောက်ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် ကျောက်မဲဆရာတော် ဘဒ္ဒန္တစန္ဒနသာရမှ နိဂုံးချုပ် ဩဝါဒစကား မိန့်ကြားခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

PAN