ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလ များသည် မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ကို အဆင်ပြေစွာဆောင်ရွက်ပေးလျက်ရှိ

နိုဝင်ဘာ ၁၉

နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေး သူများက လူမှုကွန်ရက်များတွင် အဆိုပါ သတင်းများကိုဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများကစိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်းချင်းချိတ်ဆက်ဝန်ဆောင်မှုပေးသည့် Core Banking System အသုံး ပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများ အနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့်အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့် ဘဏ်ခွဲ တွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ ကြီးကြပ်မှုဖြင့် ဘဏ်များသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ကောလာဟလများကို ယုံကြည်ပြီး ဘဏ်များမှ ငွေများကို လိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ် ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ ငွေများဆုံးရှုံးနိုင်သည့် အခြေအနေမျိုးဖြစ်ပေါ်နိုင်ပါသည်။ ထို့အပြင် ဘဏ် များ၏ ပြင်ပတွင် ငွေသားများလိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ် စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။ ပြည်သူများအနေဖြင့် ဘဏ်များမှငွေများကို လိုသည်ထက်ပိုမိုထုတ်ယူခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့်နေရာတွင် သုံးစွဲသည်စသည့် သံသယဖြစ်ဖွယ် အခြေအနေများအတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကိုလည်း ခံရနိုင်ဖွယ်ရှိပါသည်။

လက်ရှိအခြေအနေတွင် ဘဏ်များတွင် ငွေသားများအလုံအလောက်ရှိနေပြီး ဗဟိုဘဏ်ကလည်း ဘဏ်အသီးသီးထံသို့ ငွေသားများပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထားရှိသည့်အတွက် ပြည်သူများအနေဖြင့် ငွေများကို လိုသည်ထက် ပိုမိုထုတ် ယူခြင်းမပြုဘဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယုံကြည် စိတ်ချစွာဖြင့် ပုံမှန်အခြေအနေအတိုင်း ရယူသုံးစွဲကြပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။