ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)တို့တွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ၌ ပါဝင်ပတ်သက်နေသည့်ပြည်ပနိုင်ငံသားများအား ဖော်ထုတ်ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၈

      နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလော ဘသမားများအနေ ဖြင့်မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများကို တရားမဝင် ပို့ဆောင်ပြီး အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ ပြုလုပ်လျက်ရှိကြောင်းသတင်းရရှိသည့်အတွက် လုံခြုံရေးအဖွဲ့အစည်း များက ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက သတင်းအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရောင်အူကျေးရွာအုပ် စု၊ မတ်ငေါက်ကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ရှစ်ဦးကို လည်း ကောင်း၊ ဆွတ်ဝိုးအုပ်စု အောင်သံလွင်ကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၉၆ ဦး၊အမျိုးသမီးနှစ်ဦးနှင့် မလေးရှားနိုင်ငံသား အမျိုး သား နှစ်ဦး ပေါင်း ၂၀၀ ကိုလည်းကောင်း၊ အေးကျန့်အုပ်စု ကာနကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၉ ဦး၊ အမျိုးသမီးတစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသားသုံးဦး၊ အမျိုး သမီးငါးဦး ပေါင်း ၄၈ ဦးကိုလည်းကောင်း ဖော် ထုတ်ဖမ်းဆီးရမိခဲ့သည်။

       အလားတူ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ တာကြန့်အုပ်စု၊ တာကြန့်ကျေးရွာအနီး ဟိုခိုလမ်းခွဲ၌ စစ်ဆေးဆောင်ရွက်နေစဉ် မိုင်းယုမြို့ဘက်မှ မိုင်းယောင်းမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရာ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပေါင်းနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဆိုင်ကယ်မောင်းနှင်သူ ကော်ဆမ်မိန်းကျေး ရွာနေကိုမင်း၏နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ရှစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသားငါးဦး ပေါင်း ၁၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

       ထို့အတူ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု ပါဆာကျေးရွာနှင့် စံဖူးကျေးရွာကြားရှိ ဝမ်ပုံ-စံဖူး သွားကားလမ်းတစ်လျှောက် ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ စံဖူးကျေးရွာအနီး လယ်ကွင်းနေရာ၌ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသားခြောက်ဦးနှင့် အမျိုး သမီးတစ်ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး
တစ်ဦး ပေါင်းရှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

       ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ ကလောမြို့ ဝင်တိုးဂိတ်၌ လုံခြုံ ရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသားခုနစ်ဦးကိုဖမ်းဆီးရမိခဲ့သည်။

        အထက်ပါ ဖမ်းဆီးရမိသူများအား ကနဦးစစ် ဆေးချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း၌ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ် လည်မှုနှင့် လောင်း ကစားမှုများ ပြုလုပ်ရန်အတွက် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေ ဖော်ထုတ်ဖမ်းဆီးနေကြောင်း သိရှိရသဖြင့် ကျေး ရွာများသို့ သွားရောက်၍ ခေတ္တပုန်းခိုနေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

        အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများတွင် ပါဝင်ပတ်သက်လျက်ရှိ
သည့် ဖမ်းဆီးရမိတရားခံ တရုတ်နိုင်ငံသား ၂၇ဝ၊ မလေးရှားနိုင်ငံ သားနှစ်ဦး၊ ဗီယက်နမ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၂၈၆ ဦးတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင် ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သူများအား သိရှိရပါက သက် ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

#PAN