ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် (တောင်ပိုင်း) တို့တွင် Online မှတဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ၌ ပါဝင်ပတ်သက်နေသည့်ပြည်ပနိုင်ငံသားများအား ဖော်ထုတ် ဖမ်းဆီးရမိ

နိုဝင်ဘာလ – ၁၇

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် … အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသမားများ အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများကို တရားမဝင် ပို့ဆောင်ပြီး Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများပြုလုပ်လျက် ရှိကြောင်းသတင်းရရှိသည့် အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရောင်အူကျေးရွာအုပ်စု၊ မတ်ငေါက်ကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၈ ဦးကိုလည်းကောင်း၊ ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင် ကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၁၉၆ ဦး၊ မ ၂ ဦးနှင့် မလေးရှားနိုင်ငံသား ကျား ၂ ဦး၊ ပေါင်း ၂၀၀ ဦး ကိုလည်းကောင်း၊ အေးကျန့်အုပ်စု၊ ကာနကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၃၉ ဦး၊ မ ၁ ဦးနှင့် မြန်မာနိုင်ငံသား ကျား ၃ ဦး၊ မ ၅ ဦး၊ ပေါင်း ၄၈ ဦး ကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
အလားတူ နိုဝင်ဘာလ ၉ ရက် နံနက် ၉ နာရီခွဲ အချိန့်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊တာကြန့်အုပ်စု၊ တာကြန့်ကျေးရွာအနီး ဟိုခိုလမ်းခွဲ၌ စစ်ဆေးဆောင်ရွက်နေစဉ် မိုင်းယုမြို့ဘက်မှ မိုင်းယောင်းမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ၂ စီးအား စစ်ဆေးရာ တရားမဝင်တရုတ်နိုင်ငံသား ကျား ၁ ဦးနှင့် မ ၁ ဦး၊ ပေါင်းဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ  ၂  ဦးကိုဆိုင်ကယ်မောင်းနှင်သူ ကော်ဆမ်မိန်းကျေးရွာနေ ကိုမင်း၏ နေအိမ်အားရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၈ ဦး နှင့် မြန်မာနိုင်ငံသား ကျား ၅ ဦး၊ ပေါင်း ၁၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့အတူ နိုဝင်ဘာလ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါဆာကျေးရွာနှင့် စံဖူးကျေးရွာ ကြားရှိ ဝမ်ပုံ-စံဖူး သွားကားလမ်းတစ်လျှောက် ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စံဖူးကျေးရွာအနီး လယ်ကွင်းနေရာ၌ တရားမဝင် တရုတ်နိုင်ငံသား ကျား ၆ ဦးနှင့် မ ၁ ဦး၊ ဗီယက်နမ် နိုင်ငံသား မ ၁ ဦး၊ ပေါင်း ၈ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ကလောမြို့ဝင်တိုး ဂိတ်၌ … လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နိုဝင်ဘာလ ၈ ရက် နံနက် ၇ နာရီခန့်တွင် တရားမဝင်

တရုတ်နိုင်ငံသား ကျား ၇ ဦးကို ဖမ်းဆီးရမိခဲ့သည်။ အထက်ပါ ဖမ်းဆီးရမိသူများအား ကနဦးစစ်ဆေးချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း၌ Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ ပြုလုပ်ရန်အတွက် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ဖမ်းဆီးနေကြောင်း သိရှိရသဖြင့် ကျေးရွာများသို့ သွားရောက်၍ ခေတ္တပုန်းခိုနေထိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Online ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများတွင် ပါဝင်ပတ်သက်လျက်ရှိသည့် ဖမ်းဆီးရမိ တရားခံ တရုတ်နိုင်ငံသား ၂၇၀ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၂၈၆ ဦးတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း Online ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သူများအား သိရှိရပါကသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။

#PAN