တာချီလိတ်မြို့တွင် သေနတ်ကိုင် လူတစ်စုက စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားခဲ့

နိုဝင်ဘာ ၁၅

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံအနီးရှိ စတိုးဆိုင်တစ်ခုတွင် နိုဝင်ဘာလ ၁၃ ရက်နေ့  ည ၈ နာရီအချိန်ခန့်က သေနတ်ကိုင်ထားသည့် လူတစ်စုသည် ဆိုင်အတွင်းဝင်ရောက်လာကာ ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

      ၎င်း ဖြစ်စဥ်နှင့်ပတ်၍ အနီးအနားနေသူများက  “ဒီလိုဖြစ်စဉ်မျိုးနဲ့ ပတ်သက်ပြီး နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ ၂၀၂၃/မတ်လအတွင်းက နှစ်ကြိမ်ဆက် တိုက်ဖြစ်ခဲ့သလို ပြန်ပေးဆွဲခံရတဲ့ကိစ္စမျိုးက လမ်းမပေါ်မှာလည်း ဖြစ်ပွားလေ့ရှိတယ်၊ ဒါကလည်း စတိုးဆိုင်ဖြစ်နေလို့ ဆိုင်ရဲ့ CCTV မှတ်တမ်းအရသိရတာဖြစ်ပေမယ့် ၊ အကယ်၍ လမ်းပေါ်မှာ /  လမ်းသွယ်ထဲဖြစ်လို့ကတော့ အရပ်ထဲက မသိလိုက်တာများ ပါတယ် ၊ ရဲကဘာမှ မတင်ဘူး၊ မသိသလိုနေလိုက်ရော” ဟု  ပြောပြ လာပါသည်။  

      ထို့အတူ “ နယ်စပ်ဒေသ တာချီလိတ်မြို့မှာ ခိုးဆိုး၊ လုယက်၊ ဓါးမြမှု၊ ပြန်ပေးဆွဲမှုများ နေ့စဉ်ဆိုသကဲ့သို့ဖြစ်ပွားနေကြောင်းနှင့်  ဒုစရိုက်မှုများ တစ်နေ့ထက် တစ်နေ့များပြားလာနေသည့်တိုင် အောင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အဓိကတာ၀န်ရှိများအနေဖြင့် ၎င်းတို့နင့်မသက်ဆိုင်သကဲ့သို့ ရှိနေကြောင်း၊ အဆိုးဆုံးမှာ နယ်ထိန်းခေါင်းဆောင်ဆိုသူသည်  တာချီလိတ်တွင် ဆိုင်ကယ်ခိုး၊ လက် နက်ပြကာ ဆိုင်ကယ်လုယက်နေသည့် ချင်ငံစပ် ဟုဆိုသောအဖွဲ့တစ်ဖွဲ့မှ လွန်ခဲ့သော စက်တင်ဘာ လအတွင်း ပုန်းထွန်ရပ်ကွက်၌ ဆိုင်ကယ်ခိုးယူ ထွက်ပြေးသည်ကို ပြည်သူများက ၀ိုင်၀န်းဖမ်းပေးခဲ့ကြောင်း၊ ရပ်ကွက်လူကြီးများက ၀ိုင်း၀န်းစစ် ဆေးရာ ၎င်းတို့ခေါင်းဆောင်မှာ ချဉ်ငံစပ် ဟုထွက်ဆိုပေးခဲ့ပြီး ၎င်းတို့ကဲ့သို့ထိုအဖွဲ့မှ သူခိုးလူ ငယ်များ၏ ငှားရမ်းနေထိုင်လျက်ရှိသည့် နေအိမ်များကို လည်းအတိအကျ ထွက်ဆိုပေးခဲ့ပြီးနောက်  နယ်ထိန်းအဖွဲ့လက်ထဲအပ်နှံလိုက်ကြောင်း၊ အဆိုပါ နယ်ထိန်းရဲများက လိုက်လံဖမ်းဆီးခဲ့ခြင်းမရှိသည့်အပြင် ထိုနယ်ထိန်းခေါင်း ဆောင်ဆိုသူက ထိုသူခိုးလူငယ်များကို ပြန်လွှတ် ပေးခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း” ထိုဆိုင်ကယ်သူခိုး ဖမ်းစဉ်ကပါ၀င်ခဲ့သည့်ဒေသခံတစ်ဦးထံမှ သိရပါသည်။      

      ယခု ဖမ်းဆီးခံရသူမှာ တာချီလိတ်မြို့၊မကာဟိုခမ်းရပ်ကွက်၊ ဂျေမိုင်ကင်းသင်္ဘောဟိုတယ်အနီးရှိ ဂျေဂျေဆူပါမက်ကက်ပိုင်ရှင်ဖြစ်ပြီး ၎င်းကို ယခင် ပြန်ပေးဆွဲခဲ့သည့်နည်းတူ ငွေဖြင့် ပြန်ရွေးခိုင်းမည်ဟု သိရပါသည်။

       ထိုသို့ တာချီလိတ်မြို့တွင် ခိုးဆိုး၊ လုယက်၊ ဓါးမြမှု၊ ပြန်ပေးဆွဲမှုများ ပပျောက်ရေး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း တာချီလိတ်မြို့ခံ ပြည်သူများက သတင်းပေးပို့လာပါ သည်။