အမေရိကန်နှင့်တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို ပူးတွဲဟန့်တားမှု မဟာဗျူဟာကို ပြင်ဆင် သုံးသပ်

နိုဝင်ဘာ ၁၄

       အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားနိုင်ငံကို ပူးတွဲဟန့်တားရေးအတွက် ရေးဆွဲထားသည့် မဟာဗျူဟာကို ပြင်ဆင်သုံးသပ်လိုက်ကြောင်း သိရသည်။

       ယခုကဲ့သို့ မဟာဗျူဟာကို ပြင်ဆင်သုံးသပ်မှု သည် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ်တို့က အတည်ပြုလိုက်ခြင်းဖြစ် ကြောင်း အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

      နှစ်နိုင်ငံမှ ကာကွယ်ရေးတာဝန်ရှိသူများသည် (၅၅)ကြိမ်မြောက် လုံခြုံရေးအတိုင်ပင်ခံဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ နိုဝင်ဘာ လ ၁၃ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

      ထို့နောက် ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်း ချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝမှု ရှိစေရေးတို့အတွက် အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ပူး ပေါင်းမှု၏ အရေးကြီးမှုကို ထပ် လောင်းအတည်ပြုသည်။ထို့ပြင်နှစ်နိုင်ငံတာဝန်ရှိသူများသည် ကိုရီးယားကျွန်းဆွယ်၌ ဟန့်တားရေးဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမိုခိုင်မာ အား ကောင်းစေရေးနှင့် တည်ငြိမ်ရေးကို တိုးမြှင့်နိုင်ရေးတို့အတွက် သက်ဆိုင်ရာအစိုးရများ၏ ကတိကဝတ်ပြုမှု ကိုလည်း ဖော်ပြကာ လက်ရှိလုံခြုံရေးအခြေအနေများ ဆွေးနွေးကြသည်။

      ယင်းနောက်တွင် ၎င်းတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ရာ၌ မြောက်ကိုရီးယား၏ အမြင့်ပျံ ဒုံးကျည်များ အပါအဝင် ဒုံးကျည်အမျိုးမျိုးကို အကြိမ်ကြိမ်ပစ်လွှတ်မှုများနှင့် ရုရှားနှင့်မြောက်ကိုရီးယားတို့ကြား လက်နက်ကုန်သွယ်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံး ဖြတ်ချက်များကို ပြောင်ပြောင် တင်း တင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

      မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံ၏ကာ ကွယ်ရေးစွမ်းရည်များကို မြှင့်တင်သည့်အနေဖြင့် ဒုံးကျည်များကို ပစ်လွှတ် စမ်းသပ်မှုများလုပ် ဆောင်ခဲ့ခြင်းဖြစ် သည်။ အလားတူ ရုရှားနိုင်ငံအနေဖြင့် ရုရှားနှင့်မြောက်ကိုးရီးယားတို့ကြား ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများသည် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချိုးဖောက်ခြင်းမရှိကြောင်းနှင့် နိုင်ငံတကာ ကတိ ကဝတ်များ ကို အလေးထားဖြည့်ဆည်းပေးနေကြောင်း ထုတ်ပြန်ထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN