PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာရှိ မင်္ဂလာဆောင်ပွဲနှင့် သီးလုံးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းကျွေးအလှူပွဲကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်


နိုဝင်ဘာ ၁၀

PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့် မြို့နယ်များအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများ သွားလာရာ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး၊ Drop Bomp များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာရှိ ဦးစိုးပိုင်၏ နေအိမ်၌ နိုဝင်ဘာလ ၈ ရက်တွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏ မြောက်ဘက်မှနေ၍ Drone များ အသုံးပြုကာ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်သို့ ရောက်နေသည့် အပြစ်မဲ့ ဒေသခံပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး အသက် ၁၀ လ အရွယ် ကလေးငယ် တစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ မင်းကြီးဘုန်းတော်ကြီးကျောင်းတိုက်၌ နံနက် ၁၀ နာရီခန့်တွင် ဆွမ်းကျွေးပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက Drone များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဆွမ်းကျွေးအလှူပွဲသို့ ရောက်ရှိနေသည့် သံဃာတော် ၁ ပါးနှင့် အမျိုးသမီး ၁ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews