လိုင်စင်မဲ့ကားတစ်စီးကို လိုက်ဖမ်းတဲ့ မြောက်ဦးမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့ ဖမ်းဆီး


နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီခန့်က ကားတစ်စီးနဲ့ ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။

မြောက်ဦးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၅ ဦးဟာ လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီးနိုင်ဖို့ ကားတစ်စီးနဲ့ လိုက်လာစဉ် မြို့အဝင် ဓမ္မရာဇ်ရပ်ကွက်က AA စစ်ဆေးရေးဂိတ်ကို ကျူးကျော်ဝင်လာတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မြောက်ဦး ဒေသခံတွေက ပြောပါတယ်။ အဲဒီလို ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုသတင်းကြောင့် လက်ရှိအချိန်မှာ မြောက်ဦးမြို့ပေါ်နေ ဒေသခံတွေမှာ စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

မြောက်ဦးမြို့အဝင်နဲ့ မြို့ပြင် ပေ ၃၀၀ ပတ်လည်ခန့်ဟာ AA အဖွဲ့က ဂိတ်ချနေရာယူထားတဲ့အတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ စသဖြင့် ဘယ်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာမယ်ဆိုပါက AA ကို အသိပေးအကြောင်းကြားပြီးမှ ဖြတ်သန်းသွားလာခွင့် ရှိရကြတာ ဖြစ်တယ်လို့ မြောက်ဦးဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ရခိုင်ပြည်အတွင်းမှာ မြန်မာတပ်မတော်နဲ့ AA တို့အကြား အပစ်ခတ်ရပ်စဲ ထားတာ တစ်နှစ်ခန့်ကြာလာပြီးနောက်ပိုင်း ခုရက်ပိုင်းတွေမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်ဖမ်းဆီးမှု ရှိလာနေတာဖြစ်ပါတယ်။

AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ သုံးဖွဲ့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲတွေမှာ စစ်မျက်နှာဖွင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်အတွင်မှာလည်း စစ်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြ ပါတယ်။

PAN