ရုရှားက ICC မှ နောက်ထပ် တရားသူကြီးတစ်ဦးကို အလိုရှိသူစာရင်းထဲ ထည့်သွင်း

နိုဝင်ဘာ ၉

      ရုရှားအစိုးရက နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံ (ICC)မှ နောက်ထပ်တရားသူကြီး တစ်ဦးကို အလိုရှိသူစာရင်းထဲ ထည့်သွင်းလိုက်ကြောင်း သိရသည်။ ရုရှားနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအရ ICC မှ တရား သူကြီး ကော့စတာရီကာနိုင်ငံသား ဆာဂျီယို ဂျီရားဒိုးယူဂဲ့ ဂိုဒီနက် ကို အလိုရှိသူစာရင်းထဲ ထည့်သွင်းလိုက်ခြင်း ဖြစ် ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက နိုဝင် ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

       ယူကရိန်းကလေးငယ်များကို ရုရှားနိုင်ငံသို့ ဥပဒေမဲ့ ပို့ဆောင်သည်ဟူသော စွပ်စွဲချက်ဖြင့် မတ်လတွင် ICC က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ကလေးငယ်အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မာရီယာဗိုဗာလီလိုဗာ တို့ကို ဖမ်းမိန့်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရုရှားအစိုးရက ICC ၏ ထုတ်ပြန်ချက်ကို ပယ်ချကာ ICC တွင် ယင်းကဲ့သို့ လုပ်ဆောင်နိုင်သည့် အခွင့် အရေးနှင့် တရားစီရင်ဆုံးဖြတ်မှု မရှိကြောင်း ပြန်လည်ထုတ်ပြန်၍ ICC ရှေ့နေတစ်ဦးနှင့် တရား သူကြီးအများအပြားကို ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုဖြင့် အမှုဖွင့်ခြင်း ဆောင်ရွက်ခဲ့သည်။

    ထို့ပြင်ရုရှားအစိုးရသည် ICC ဥက္ကဋ္ဌ ပီယိုတာဟော့ဖမန်စကီး ကိုလည်း စက်တင်ဘာလကတည်းက အလိုရှိသူများစာရင်းတွင် ထည့်သွင်းခဲ့သည်။ ရုရှားနိုင်ငံသည် Rome Status ကို ၂၀၀၀ ပြည့်နှစ်တွင် ပါဝင်လက်မှတ် ထိုးထားသော်လည်း ထိုသဘောတူညီချက်ကို မည်သည့်အခါကမျှလက်ခံသဘောတူခဲ့ခြင်း မရှိကြောင်း နှင့် ၂၀၁၆ ခုနှစ်တွင်မူ ယင်းသဘောတူညီချက်တွင် ပါဝင်လက်မှတ်ထိုးမှုကို တရားဝင်ဖယ်ရှားခဲ့ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN