ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တောင်းဆို

နိုဝင်ဘာ ၈

      အစ္စရေး-ဟားမတ်စ် ပဋိပက္ခတွင် ကလေးငယ်များသေဆုံးမှုများပြားလာသဖြင့် အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားသည်။

      ၎င်းဖြစ်စဉ်ဖြစ်ပွားမှုအရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အရေး တကြီးလိုအပ်နေကြောင်း ၎င်းက သတင်းထောက်များကို ထပ်လောင်းပြောကြားခဲ့သည်။

       “ပဋိပက္ခဖြစ်ပွားနေတဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဒီဖြစ်စဉ်တွေကို ရပ် တန့်ဖို့နဲ့ ဂါဇာကို လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ သိသိသာသာချဲ့ထွင်ဖို့ ဆောင်ရွက်ရမှာဖြစ်တယ်”ဟု ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

       ဟားမတ်စ် စစ်သွေးကြွများသည် အောက် တိုဘာ ၇ ရက်က ဂါဇာဒေသမှ အစ္စရေးနိုင်ငံသို့ ဝင်ရောက်စီးနင်းခဲ့ရာတွင် လူ ၁၄၀၀ ခန့် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများ ဖြစ်သည်။

       အစ္စရေး၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်တွင် ကလေး ၄၀၀၀ ကျော်အပါ အဝင် လူ ၁၀၂၂၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

       မီဒီယာသမားများအား သတ်ဖြတ်ခြင်းကိုလည်း ဂူတာရက်စ်က ရှုတ်ချခဲ့သည်။ နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော် မတီ၏ပြောကြားချက်အရ ၎င်းပဋိပက္ခအတွင်း အနည်းဆုံးသတင်းထောက် ၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်လအတွင်း သတင်း ထောက်များအပြင် ကုလသမဂ္ဂ အကူအညီပေးရေးဝန်ထမ်း ၈၉ ဦးသတ်ဖြတ်ခံရကြောင်း ဂူတာရက်စ်က ပြောကြားသည်။

      ကယ်ဆယ်ရေးထရပ်ကားများသည် ရာဖာနယ်စပ်ဖြတ်၍ အီဂျစ်မှ ဂါဇာကမ်းမြောင်သို့ ရောက်ရှိလာသော်လည်း မော်တော်ယာဉ်လုံခြုံ ရေးစစ်ဆေးမှုအတွက် အချိန်လိုအပ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ လောင်စာဆီပြတ်လပ်ပါက မွေးကင်းစကလေးငယ်များနှင့် လူနာများသေဆုံးဖွယ်ရှိသည်ဟု ဂူတာရက်စ်က ထပ်လောင်းပြောကြားသည်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင် ရာ ဥပဒေအရ အစ္စရေး၊ ပါလက်စတိုင်းနိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လိုက်နာဆောင်ရွက်ရမည် ဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
Source; AFP

#PAN