ဒိုင်တွေကို ပြန်တောင်းပန်ခိုင်းတဲ့ အာဆင်နယ်အသင်း

နိုဝင်ဘာ ၇

       အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ဖြစ်ရပ်တွေအတွက် ပြန်လည် တောင်းပန်ဖို့ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ကို တောင်းဆိုလိုက်ပါတယ်။

      နယူးကာဆယ်အသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အရေးနိမ့်ခဲ့ပြီး ဂေါ်ဒွန်ရဲ့  ဂိုးဟာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ က နယူးကာဆယ်အသင်း ရရှိသွားတဲ့ဂိုးဟာ ရှက်စရာကောင်းပြီး လက်ခံနိုင်စရာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ အခုချိန်မှာလည်း အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ကို ပြန် လည်တောင်း ပန်ဖို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

      အာဆင်နယ်အသင်းရဲ့ ကြေညာချက်ကတော့ နည်းပြအာတီတာရဲ့ ပွဲအပြီးမှတ်ချက်တွေကို အပြည့်အဝ ထောက်ခံကြောင်း၊ ကွင်းလယ်ဒိုင်နဲ့ VAR ဆုံးဖြတ် ချက်တွေဟာ လုံး၀လက်မခံချင်စရာ ဖြစ်ကြောင်း ပရီးမီးယားလိဂ် လို ကမ္ဘာ့အကောင်းဆုံးလိဂ်၊ ကမ္ဘာ့အကောင်းဆုံးကစား သမား၊ နည်းပြနဲ့ပရိသတ်တွေရှိတဲ့ပြိုင်ပွဲမှာ အခုလို ဖြစ်ရပ်မျိုး မရှိသင့်ဘဲ အာဆင်နယ်ကစား သမားတွေ၊ နည်းပြနဲ့ ပရိသတ်တွေဟာ အခုထက်ပိုကောင်းတဲ့အရာနဲ့ ထိုက်တန် ကြောင်း လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဟောင်းဝပ်ဝက်ဘ်ဆီ သတင်းပို့ထားပြီး ပရီးမီးယားလိဂ် နဲ့ ကိုက်ညီပြီး ကမ္ဘာ့အဆင့်တာဝန်ယူနိုင်တဲ့ ဒိုင်လူ ကြီးတွေနဲ့အတူလက်တွဲလုပ်လိုကြောင်း ဖော်ပြခဲ့ပါတယ်။

#PAN