ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆို၊

နိုဝင်ဘာ ၅

      ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။ ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

      ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် နှစ်နိုင်ငံရေတပ်အရာရှိများအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ကဘုရင့်နောင်ရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးခဲ့ကြပြီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား နဂိုရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ လေ့ကျင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ Navy To Navy Talks ဆွေးနွေးပွဲပြုလုပ်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်ရေတပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရှိရပါသည်။

တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် အတူ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယ ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့်တပ်မတော်(ရေ)မှအရာရှိကြီး များတက်ရောက်ကြပြီး ရုရှားရေ တပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံစစ်သံမှူး Colonel Sergey KURCHENKO နှင့် တာဝန်ရှိ သူများတက် ရောက်ကြကြောင်း၊ ထို့ပြင် ရုရှားရေတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နံနက် ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ ပန်းခြင်းချအလေးပြုခြင်း၊ ရတနာ ဆင်ဖြူတော်သို့သွားရောက် လေ့လာခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်လေ့လာ ကြကြောင်းသိရှိရပါသည်။

အဆိုပါ ရုရှားရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့သည် ယမန့်နေ ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။