ကြံတစ်တန် ကျပ် ၁၅၀,၀၀၀ အထိ စံချိန်တင် ဈေးပေးဝယ်နေ

နိုဝင်ဘာ ၄

      ကြံ ရာသီနီးလာခြင်းကြောင့် သကြားစက်ရုံများက နေရာဒေသအလိုက် ဈေးတိုးမြှင့်ပေးဝယ်လာကြပြီး လက်ရှိ ရွှေညောင် မြဘုရင်သကြားစက်က ကြံတစ် တန် စက်ရုံအရောက် ကျပ် ၁၅၀,၀၀၀ ထိ စံချိန်တင်ဈေး ပေးဝယ်ယူမှု ရှိလာသည်ဟု ကြံစိုက်တောင်သူများထံမှ သိရပါသည်။

       ယခုနှစ် ကြံ ရာသီအတွက် စက်တင်ဘာလက ကြံတစ်တန် ကျပ် ၁၁၀,၀၀၀ ဝန်းကျင် ဈေးပေးဝယ်ယူရာမှ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွှေညောင် မြဘုရင်သကြားစက်က ကြံတစ်တန် ကျပ် ၁၅၀,၀၀၀ ထိ စံချိန်တင် ဈေးပေးဝယ်လာခြင်းဖြစ်သည်ဟု သိရပါသည်။ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ပြည်တွင်း သကြားစက်များမှ ကြံတစ်တန်ကျပ် ၁၁၀,၀၀၀ ကနေ ၁၃၀,၀၀၀ ကြား အခြေခံဈေးထားဝယ်ကြရန် ဆိုထားပါသည်။

      သွင်းအားစုစရိတ်၊ စက်သုံးဆီဈေး၊ မြေသြဇာဈေး မြင့်တက်ခြင်းများကြောင့် ယခုရသည့် ကြံတစ်တန်ဈေးက သင့်တင့်မျှသည့် ဈေးဖြစ်သည်ဟု ကြံစိုက်တောင်သူ တစ်ဦးက ပြောပါသည်။ ပြီးခဲ့တဲ့ ကြံစိုက်ရာသီက ကြံတစ်တန်ကို ၉၅,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ် အထိသာ အမြင့်ဆုံး ဈေးပေးဝယ်ယူခဲ့ကြပြီး ကြံစိုက်ရာဒေသအလိုက် သကြားစက်များ၏ ကြံဝယ်ဈေးမှာ ကွာခြားမှုရှိနေခြင်း ဖြစ်ပါသည်။ လက်ရှိ ပြည် တွင်းသကြားဈေးကအေးနေပြီး နိုဝင်ဘာလဆန်းပိုင်း သကြား တစ်ပိဿာ ၃,၆၀၀ ကျပ်ခန့် ရှိနေပါသည်။

#PAN