အိမ်ကိုအလည်ရောက်နေတဲ့အချိန် နာမကျန်းဖြစ်တဲ့ အမျိုး သမီးတစ်ဦးကို အသိမိတ်ဆွေတွေက လမ်းဘေးမှာ စွန့်ပစ်

နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က အသိမိတ်ဆွေအိမ်တစ်အိမ်ကို အလည်ရောက်နေတဲ့အချိန် နာမကျန်းဖြစ်တဲ့ အမျိုးသမီးကို အဲဒီအသိမိတ်ဆွေတွေက တောင်ကုတ်တက္ကသိုလ်အနီးက လမ်းဘေးတစ်နေရာမှာ စွန့်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

စွန့်ပစ်ခံရတဲ့ အမျိုးသမီးမှာ အသက်(၄၇) နှစ်အရွယ် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က ဒေါ်မသန်းနွယ်ဖြစ်ပြီး တောင်ကုတ်မြို့နယ်၊ ရွှေညောင်ညို(ဖုန်ညို)ကျေးရွာက အသိမိတ်ဆွေတွေဆီကို သီတင်းကျွတ်မတိုင်မီ နှစ်ရက်ခန့်က အလည်ရောက်ရှိနေစဉ် ရုတ်တရက် ကျန်းမာရေး ဆိုးဝါးလာတာကြောင့် အခုလို စွန့်ပစ်ခဲ့ကြတာဖြစ်တယ်လို့ တောင်ကုတ်ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက တက္ကသိုလ်အနီးက ဒေသခံတွေက အမျိုးသမီးတစ်ဦး စွန့်ပစ်ခံထားရတာကို တွေ့ရှိလို့ တောင်ကုတ်မြို့၊ ဗြဟ္မစိုရ်ဖောင်ဒေးရှင်းကို အကြောင်းကြား ဆက်သွယ်လာတာကြောင့် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆရာတော် ဦးပုညနန္ဒက သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ကိုယ်တိုင် မြို့နယ်စခန်းမှူးနဲ့ ခရိုင်ဆရာဝန်ကြီးတွေကို ချိတ်ဆက်ပြီး သူမရဲ့ ရောဂါကို တောင်ကုတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံ‌ယူစေပြီး့ သူမရဲ့ ကမ်းထောင်းကြီးက ဆွေမျိုးတွေနဲ့ ချိတ်ဆက်ပြီး ကမ်းထောင်းကြီးကို န်ပို့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီအမျိုးသမီးရဲ့ ဆေးကုသစရိတ်ကိုလည်း ဖောင်ဒေးရှင်းက ကုန်ကျခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

PAN