ဘင်္ဂလားဒေ့ရှ်ကို ခိုးသွင်းမယ့် ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ တဲ့ အကောက်ခွန်မဲ့ စီးကရက်တွေ ဘူးသီးတောင်မှာ ဖမ်းမိ


နိုဝင်ဘာ ၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုးသွင်းဖို့ ယူဆောင်လာတဲ့ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀ ခန့်ရှိတဲ့ အကောက်ခွန်မဲ့ စီးကရက်တွေကို ဘူးသီးတောင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့က ဘူးသီးတောင်နယ်ထဲကို ဝင်ရောက်လာတဲ့ စက်လှေတစ်စီးပေါ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်မယ့် အကောက်ခွန်မဲ့ စီးကရက်ဖာ ၂၅၀ ဖာကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ စီးကရက်အမျိုးအစားမှာ ORIS အမျိုးအစားဖြစ်ပြီး စက်လှေနဲ့ တစ်ဖက်နိုင်ငံကို ခိုးယူပို့ဆောင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အကောက်ခွန်ရုံးက တာဝန်ရှိသူတို့ တားဆီးစစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။

စီးကရက်တွေနဲ့အတူ စက်လှေပေါ်မှာ မင်းပြားမြို့နယ်၊ ကြောင်ရှည်ကျေးရွာနေ ပဲ့နင်း မောင်ဦးကျော်သန်း(၃၁)နှစ်၊ လှေလုပ် သား မောင်လှဝင်း(၄၅)နှစ်၊ ဦးသန်းညွန့် (၄၈)နှစ်၊ (ဘ)ဦးဝေဇံဖြူတို့ကိုပါ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ဘူးသီးတောင်မြို့မရဲစခန်းမှာ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ နဲ့ အမှုဖွင့် အရေးယူထားပြီး ဆက်စပ်သူတွေ ဖမ်းဆီးရမိရေး စစ်ဆေးနေတယ်လို့ အကောက်ခွန်ဌာနက သိရပါတယ်။

#PAN