အမေရိကန်တပ်ဖွဲ့ကို တိုက်ခိုက်နေမှုများရပ်တန့်ရန် အီရန်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

အောက်တိုဘာ ၂၈

      အီရန်နှင့် ဆက်နွှယ်နေသည့်အုပ်စုများက အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက် ခိုက်နေမှုအား ရပ်တန့်ရန် အီရန်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က တိုက်ရိုက်သတင်း စကားပါးခဲ့ကြောင်း အိမ်ဖြူတော်က ပြောသည်။

       အောက်တိုဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ အီရတ်နှင့်ဆီးရီးယားရှိ အမေရိကန်နှင့် မဟာမိတ်များမှာ ဒရုန်းများ၊ ဒုံးကျည် များဖြင့် ပစ်ခတ်မှုကို ၁၆ ကြိမ်ထက်မနည်း တွေ့ကြုံခံစားခဲ့ရသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော သည်။ ယင်းသို့ တိုက်ခိုက်မှုများကြောင့် လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ရသည်။

       အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထံမှ တိုက် ရိုက်သတင်းစကားထွက်ပေါ်လာခဲ့သည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီ က အောက်တိုဘာလ ၂၇ ရက်တွင် သတင်း ထောက် များကို ပြောသည်။

       အကယ်၍ အမေရိကန်တပ်ဖွဲ့များကို ဆက် လက်တိုက်ခိုက်နေပါက ပြန်လည်တုံ့ပြန်မည်ဖြစ်ပြီး ယင်းအတွက်လည်း ပြင်ဆင်ထားသင့်သည် ဟု အယာတိုလာ ကို သတိပေးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

       ဘိုင်ဒင် ၏ သတိပေးမှုမှာ အီရန်ခေါင်း ဆောင် အယာတိုလာ အလီခါမေနီ ကို ဦးတည်ခြင်းဖြစ် ကြောင်း အမေရိကန် မီဒီယာများတွင် ဖော်ပြသည်။ အမေရိကန်ဗဟိုစစ်ဌာနချုပ် စစ်ဆင်ရေးနယ်မြေတွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ နီးပါး တပ်ဖြန့်ထားရန် စီစဉ်နေကြောင်း၊ အမေရိကန် လေ ကြောင်းကာကွယ်ရေးစနစ်များကို အရှေ့အလယ်ပိုင်းဒေသတွင် ပိုမိုထားရှိသွားမည်ဟု ပင်တဂွန်ပြောရေး ဆိုခွင့်ရှိသူ ပတ်ရွိုင်ဒါ ကပြောသည်။