အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

အောက်တိုဘာ ၂၇

       အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်း ပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

      ရခိုင်ပြည်နယ် အမ်းမြို့နယ်နေ ညီစိန်၊ သိန်းစိုးနှင့် ဖိုးဝတို့ သုံးဦးက တစ်မြို့နယ်တည်းနေ မ—၊ ၂၁ နှစ်အား တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ပေါင်း သင်းနေထိုင်ပါက ငွေကျပ် သိန်း ၅၀ ရမည်၊ တစ်နှစ်ပေါင်းသင်းရမည်၊ ကလေးမွေးပေးရမည်၊ အဝတ် အစား စီစဉ်ပေးမည်ဟု လိမ်လည်စည်းရုံးခေါ်ဆောင်ကာ တရုတ်မယားအဖြစ်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်း (ပ)၁၂၇/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်၍ မြစ်ကြီးနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၂၅ ရက်တွင် တရားခံ ညီစိန်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင် တရားခံ သိန်းစိုးနှင့် ဖိုးဝတို့ နှစ်ဦးအား ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ တရားခံပြေးကြေညာထားကြောင်း သိရသည်။

#PAN