စီးတီးတက္ကစီယာဉ် အစီးရေ ၁ဝဝဝဝ ကျော်တွင် အဝါရောင်ဘေးလိုင်းစတေကာကပ်ထားပြီးဖြစ်

အောက်တိုဘာ ၂၅

     ရန်ကုန်မြို့တွင်းပြေးဆွဲနေသော စီးတီးတက္ကစီယာဉ်အစီးရေ ၁၀၀၀၀ ကျော်တွင် အဝါရောင်ဘေးလိုင်း စတေကာကပ်ထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော် မတီ (YRTC)ရုံးချုပ်၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ(၈/၂၀၂၃)မှ သိရသည်။

                     ထုတ်ပြန်ကြေညာ

       ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသော စီးတီးတက္ကစီယာဉ်များကို အခြား သောယာဉ်များနှင့် ကွဲပြားပြီး ထင်သာမြင်သာရှိစေရန်နှင့် ယာဉ်အန္တရာယ် ကင်းဝေးစေရန် နိုင်ငံ တကာတက္ကစီများနည်းတူ စီးတီးတက္ကစီယာဉ်များ၏ ဘေးနှစ်ဖက် ကိုယ်ထည်တွင် အနံ ငါးလက်မခန့်ရှိအဝါရောင် အလျားလိုက်ဘေးလိုင်းစတေကာကပ်ရန်အတွက် YRTC အနေဖြင့်အောက်တို ဘာ ၁၂ ရက်က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲ (၇/၂၀၂၃)တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

       “နိုဝင်ဘာ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါ ရီ ၃၁ ရက်အထိ သုံးလတာကာလအတွင်း အဝါလိုင်းစတေကာလာကပ်တဲ့သူတွေကို ကျွန်တော်တို့ YRTC ကနေ အခမဲ့ဆောင်ရွက်ပေးမယ်၊ ဒါမှမဟုတ် ယာဉ်ပိုင်ရှင်တွေအနေနဲ့ သူတို့ဘာသာ အပြင်ဆိုင်တွေမှာ ပုံစံတူစတေကာကပ်တာတို့၊ ဆေးသုတ်တာတို့ လုပ်ချင်လည်း ကျွန်တော်တို့ YRTC က ခွင့်ပြုတယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စတင်ဆောင်ရွက်
ပေးမယ့် နိုဝင်ဘာ ၁ ရက်ကို မရောက်သေးခင်မှာပဲ စီးတီးတက္ကစီအစီးရေ ၁၀၀၀၀ ကျော်လောက်က စတေကာကပ်ထားပြီးဖြစ်နေတာ တွေ့ရှိရပါတယ်။ အဲဒါကြောင့် အခုလို အသိစိတ်ဓာတ်ရှိရှိနဲ့ လိုလိုလားလား လိုက်နာဆောင်ရွက်ပေးကြတဲ့ ရန်ကုန်စီးတီးတက္ကစီအသင်း၊ စီးတီးတက္ကစီယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေကို ကျွန်တော်တို့ YRTC က ကျေးဇူး တင်ပါတယ်။ အသိအမှတ်လည်း ပြုပါတယ်”ဟု YRTC တွဲဖက်အတွင်းရေး မှူး ဦးလျန်ကျင့်မန်က ပြောသည်။

       ရန်ကုန်တိုင်းဒေသကြီးအတွင်း ကညနတွင် မှတ် ပုံတင်ထားသည့် တက္ကစီအစီးရေ ၅၉၀၀၀ ကျော်ရှိပြီး YRTC တွင် စီးတီးတက္ကစီမှတ်ပုံတင်ထားသည့် ယာဉ်အရေအတွက် ၅၃၀၀၀ ကျော်ရှိကြောင်း၊ စီးတီးတက္ကစီယာဉ်များကို အဝါရောင်လိုင်းစတေကာကပ်ခြင်းသည် ပုဂ္ဂလိက တစ်ဦး ချင်းပိုင် တစ်စီးတစ်ရောင်ဖြစ်နေသည့် ယာဉ်များကို စုစည်းကာ စီးတီးတက္ကစီယာဉ်များအား အခြားယာဉ်များနှင့် ကွဲပြားစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်ညီစေရန် ဆောင်ရွက်ခြင်းဖြစ် ကြောင်း YRTC မှသိရသည်။

       ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမည့် စီးတီးတက္ကစီယာဉ်များအနေဖြင့် ကညနတွင် အငှားယာဉ်နံပါတ်ပြားအနီအဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပြီး ကညနမှတ်ပုံတင်သက်သေခံလက်မှတ် (ဝှီးတက်)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန “ဂ” လုပ်ငန်းလိုင်စင်များ အပိုင်း (၁)၊(၂)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန် ကြားချက် အဝါရောင် ဘေးလိုင်းစတေကာ၊ YRTC City Taxi Sticken ယာဉ်မောင်းဓာတ်ပုံ၊ ရန်ကုန်စီးတီးတက္ကစီအသင်း(YCTA) Logo၊ ယာဉ်ထိန်းရဲတပ် ဖွဲ့မှ ဆောင်ရွက်သည့် Taxi Board တို့ အပြည့် အစုံပါရှိရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပညာပေးကာလသတ်မှတ်ထားပြီး ပညာပေးကာလကျော်လွန်ပါက အဆိုပါအချက်များနှင့် မပြည့်စုံသည့်ယာဉ်များကို စစ်ဆေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း YRTC တွဲဖက် အတွင်းရေး မှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

#PAN