အောက်တိုဘာ ၂၃
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ အစ္စရေးနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လုံခြုံရေးအခြေအနေကြောင့် ဘောလုံးပွဲများကျင်းပခွင့်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
UEFA အမှုဆောင်ကော်မတီအနေနဲ့ ယခုဆုံးဖြတ် ချက်မချမီ အစ္စရေးတစ်နိုင်ငံလုံးရှိ လုံခြုံရေးနှင့်ဘေးကင်း စိတ်ချရမှု အခြေအနေကို အသေအချာအကဲ ဖြတ်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ UEFA ဟာ ယခုလဆန်းပိုင်း ရက်သတ္တပတ်အတွင်း အစ္စရေးမှာ ယှဉ်ပြိုင်ကစားမယ့် ယူရို-၂၀၂၄ ခြေစစ်ပွဲ၊ ၂၀၂၅ ဥရောပ ယူ-၂၁ ခြေစစ်ပွဲ၊ ၂၀၂၄ ဥရောပ ယူ-၁၇ ခြေစစ်ပွဲများကို ရွှေ့ဆိုင်းထားလိုက်ပြီး ဖြစ်ပါတယ်။
ယခုထပ်မံထုတ်ပြန်ချက်အရ ယူရိုပါလိဂ်နှင့် ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အစ္စရေးကလပ် မက္ကာဘီ ဟိုင်ဖာနှင့် မက္ကာဘီတဲလ်အဗစ်အသင်း တို့အပေါ်သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။
မက္ကာဘီဟိုင်ဖာအသင်းမှာ ယူရိုပါ လိဂ်ပြိုင်ပွဲ အိမ်ကွင်းအဖြစ် နိုဝင်ဘာလ ၉ ရက်မှာ ဗီလာရီးရဲလ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ ရန်းစ်၊ မက္ကာဘီတဲလ်အဗစ် အသင်းမှာ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲ အိမ်ကွင်းအဖြစ် နိုဝင်ဘာလ ၂၅ ရက်မှာ ဇော်ယာ၊ ဒီဇင်ဘာလ ၁၄ ရက်မှာ KAA ဂျန့်အသင်း တို့နှင့် ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။
#PAN