ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ရာတွင်အစ္စရေးနိုင်ငံအား ပံ့ပိုးကူညီမှုမပြုရန် အီရန်တပ်မတော်မှ ထိပ်တန်းအရာရှိတစ်ဦးက အမေရိကန်ကို သတိပေး

အောက်တိုဘာ ၂၂

     ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ရာတွင် အစ္စရေးနိုင်ငံအား ပံ့ပိုးကူညီမှု မပြုရန် အီရန်တပ်မ တော်မှ ထိပ်တန်းအရာရှိတစ်ဦးက အမေရိကန်အား သတိပေးခဲ့ကြောင်း တက်စ်နင်မ်သတင်းဌာန က ယမန်နေ့တွင် သတင်းဖော်ပြသည်။

      အီရန်တပ်မတော်၏ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ မိုဟာမက်ဘာခီရီသည် တူကီယဲ ကာကွယ်ရေးဝန်ကြီး ယာဆာဂူလာနှင့် အောက်တိုဘာ ၁၈ ရက်က ဖုန်းဖြင့် ပြောကြားရာတွင် အထက်ပါအတိုင်း သတိပေးစကားဆိုခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးတိုး တက်မှုများအပါအဝင် ဂါဇာကမ်းမြောင်ရှိ လက်ရှိအခြေအနေများကို ဆွေး နွေးခဲ့ကြောင်း သိရသည်။

       ကြီးမားသော လက်နက်ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးခြင်းအပါအဝင် အစ္စရေးနိုင်ငံအတွက် ဝါရှင်တန်၏ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီမှုသည် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူ များအပေါ် အစ္စရေး ၏တိုက်ခိုက်မှုများတွင် အမေရိကန်အစိုးရ၏ ပါဝင်ပတ်သက်မှု ရှိရာရောက်ပြီး ကမ်းရိုးတန်းနယ်မြေအတွင်း အခြေအနေကို ပိုမိုရှုပ်ထွေးစေမည်ဖြစ် ကြောင်း မိုဟာမက်ဘာခီရီက ပြောကြားသည်။

        ဂါဇာရှိ အရပ်သားများအပေါ် အစ္စရေးနိုင်ငံ ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ရပ် တန့်ရန်နှင့် အစားအသောက်နှင့် ဆေးဝါးအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ရန် အလေးအနက်ထား ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

      ထို့ပြင် အစ္စရေးရာဇဝတ်မှုများကို တားဆီးရန်နှင့် ဂါဇာရှိပြည်သူများအား ထောက်ပံ့ရန်အတွက် အစွမ်း ကုန်ကြိုးပမ်းရန် မိုဟာမက်ဘာခီရီက တူကီယဲအစိုးရကို တောင်းဆိုခဲ့သည်။

       ဂါဇာတွင် တင်းမာမှုများကို လျှော့ချရန်နှင့် လက် ရှိဖြစ်ပွားနေသော ပဋိပက္ခများကိုရပ်တန့်ရန် ၎င်းအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အသေးစိတ်ရှင်းလင်းခဲ့ပြီး တူကီယဲနိုင်ငံအနေဖြင့် ယင်းကဲ့သို့ ကြိုးပမ်းမှုများကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ် ရေးဝန်ကြီး ယာဆာဂူလာက အလေးပေးပြောကြားခဲ့သည်။

       လက်ရှိတွင် အစ္စရေးနှင့် ဂါဇာကမ်းမြောင် ဒေသ ပဋိပက္ခဖြစ်ပွားမှုသည် ၁၄ ရက်အတွင်းသို့ ဝင်ရောက် လာခဲ့ပြီး နှစ်ဖက်စလုံးတွင် လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

#PAN