(၄၁) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ညီလာခံသို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဦးဆောင်တက်ရောက်

အောက်တိုဘာ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (41st ASEANAPOL Conference) သို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။


အဆိုပါ (၄၁) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိ ကြီးများ၊ အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ အလုပ် အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ရုရှား၊ နယူးဇီလန်၊ တူကီယဲ၊ ဗြိတိန်၊ ဩစတြေးလျနှင့် အာဆီယံ အတွင်းရေးမှူးရုံးတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ လေ့လာသူနိုင်ငံ/အဖွဲ့အစည်းများ ဖြစ်ကြသော ကနေဒါ၊ ပြင်သစ်၊ ဖီဂျီ၊ တီမောလက်စတေ၊ အီတလီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဲချုပ်များ အသင်း (IACP)၊ အမေရိကန်စုံစမ်းစစ်ဆေးရေးဗဟိုဌာန (FBI) တို့မှ အဆင့်မြင့်အရာရှိ ကြီးများ စုစုပေါင်း ၃၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါသည်။


ညီလာခံအစီအစဉ်အနေဖြင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် (၁၂) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို လည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့ တွင် (၄၁)ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ညီလာခံ ဖွင့်ပွဲအခမ်းအနား၊ ပထမအကြိမ်စုံညီ အစည်းအဝေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင်များ ၏ဆွေးနွေးမှုဖိုရမ်၊ အာဆီယံရဲ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏ ဆွေးနွေးမှု ဖိုရမ်နှင့် မှုခင်းအမျိုးအစားအလိုက် ဆွေးနွေးသည့် ကော်မရှင် A ၊ B ၊ C အစည်းအဝေးများကို လည်းကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကော်မရှင် A ၊ B ၊ C ဒုတိယနေ့ အစည်းအဝေး များကိုလည်းကောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် (၄၁)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပိတ်ပွဲအခမ်းအနားတို့ကို လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။


အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့သော ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာ လိမ်လည်မှု၊ စီးပွားရေးမှုခင်းများနှင့် ဘဏ်ငွေကြေးလိမ်လည်မှုများ၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်းများ အတု ပြုလုပ်မှု၊ နိုင်ငံ ဖြတ်ကျော်လိမ်လည်မှု၊ အာဆီယံရဲအဖွဲ့၏ အီလက်ထရောနစ် Database စနစ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး၊ အာဆီယံ ရဲအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေး အစီ အစဉ်၊ အာဆီယံရဲအဖွဲ့၏ မှုခင်းဆေးပညာ သိပ္ပံကွန်ရက် စသည့်မှုခင်း အမျိုးအစားများနှင့် အကြောင်းအရာများကို ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။


အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးတို့က လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Sonexay Siphandone ထံ သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ကြပြီး ညနေပိုင်းတွင် ဒုတိယအကြိမ်စုံညီ အစည်းအဝေးနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားတွင် လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လာအိုနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ် Kamkim Phouilamanyvong က (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ၂၀၂၄ ခုနှစ်တွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင် ထံအာဆီယံရဲအဖွဲ့အထိမ်းအမှတ်တံဆိပ်ကို လွှဲပြောင်းပေးရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် က လက်ခံရယူပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြော ကြားကာ မြန်မာ့ရှုခင်းဗီဒီယိုကို အကြိုမိတ်ဆက် ပြသခဲ့ပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ယင်းနေ့ဒေသ စံတော်ချိန် ည ၈ နာရီ ၅ မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN