ရန်ကုန်-ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘောခရီး စဉ် ကြိုတင်မှာယူမှုများဖြင့်ပြည့်

အောက်တိုဘာ ၂၁

       ပြည်တွင်း ခရီးသွားကုမ္ပဏီတစ်ခုက စီစဉ်ခဲ့သည့် ရန်ကုန်-ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘောခရီးစဉ်တွင် လိုက်ပါနိုင်ရန် ကြိုတင်လက်မှတ်မှာယူမှုများဖြင့် လိုက်ပါလိုသူများ ပြည့်သွားပြီဖြစ်ကြောင်း ခရီးစဉ်စီစဉ်သည့် Moken Capital ကုမ္ပဏီမှ သိရပါသည်။

        အဆိုပါ ရန်ကုန် – ချောင်းသာ ခရီးစဉ်ကို ၂ ညအိပ် ၃ ရက် ခရီးအဖြစ် စီစဉ်ထားပြီး လက် မှတ်ခနှုန်းထားများအနေနှင့် Suite Cabin with Private Bathroom နှစ်ယောက်အိပ်ခန်းတွင် တည်းခိုပါက ကျပ် ၁၅ သိန်း၊ သုံးယောက်အိပ်ခန်းတွင် တည်းခိုပါက ကျပ် ၁၄ သိန်း သတ်မှတ်ထားပါသည်။

       ရန်ကုန် – ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘောခရီး စဉ်မှာ တွံတေးမြို့နှင် တွံတေးတူးမြောင်းရှိ သဘာဝရှုခင်းများ ကြည့်ရှုနိုင်မည့်အပြင်  မြစ်ဝ ကျွန်းပေါ်ဒေသ(Delta Region)၏ သဘာဝအလှတရားများနှင့် နေဝင်ချိန်ကို cruise ပေါ်မှ ခံစားကြည့်ရှုခြင်း၊ မော်တင်စွန်း တန်ခိုးကြီးဘုရားကို သွားရောက်ဖူးမြော်ခြင်း၊ ဟိုင်းကြီးကျွန်းသို့ သွားရောက် လည်ပတ်ခြင်း၊ ဂေါ်ရင် ဂျီကမ်းခြေမှ လှပသောကျောက်ဆောင်ရှုခင်းများ ကြည့်ရှုခြင်းနှင့် ချောင်းသာကမ်းခြေတွင် လည်ပတ်ခြင်းတို့ ပါဝင်သည်ဟု ဆိုပါသည်။

       အပျော်စီးသင်္ဘောပေါ်မှာ အိပ်ခန်း ၅ ခန်း ပါ ဝင်ပြီး ညအိပ်ဧည့်သည် ၁၃ ဦး တည်းခိုနိုင်ကာ ပထမဆုံး ခရီးစဉ်ကို  အောက်တိုဘာလ ၂၂ ရက်မှာ ရန်ကုန်မြို့မှ စတင်ပြေးဆွဲပေးသွားမည်ဟု သိရပါသည်။

#PAN