ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိစိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၀

         ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

သိမ်းဆည်းရမိ

       လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါး (Happy Water) သယ်ဆောင်ရောင်း ဝယ်မှုများကို ထိရောက်စွာတားဆီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက် တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက် ဂျိုးဖြူလမ်းတွင် ထွန်းမြတ်သူ(ခ)မောင်စံအား စိတ်ပြောင်းဆေးဝါး (Happy Water) ၁၇ ဒသမ ၂၈ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီတွင် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းတွင် ရဲရင့်အောင်ကို စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၄ ကီလိုကိုလည်းကောင်း၊ စောဂျွန်ပေါလ်(ခ) ဂျွန်ပေါကို ရန်ကင်းမြို့နယ်(၆)ရပ်ကွက်ရှိ ၎င်း၏နေ အိမ်တွင် စိတ်ပြောင်းဆေးဝါး(Happy Water) ၆ ဒသမ ၆ ကီလို၊ ကဖင်းဆေးပြား ၂၂၀၀ နှင့် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲတွင် နေလဝင်း(ခ) Bank နှင့် ရဲရင့်ဌေးအောင်(ခ)အိုက်ပီးတို့နှစ်ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅၀၀၀ ၊ Toyota Crown ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ စုစုပေါင်း ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၃၈ ဒသမ ၈၂ ကီလို၊ အက်တက်စီဆေးပြား ၅၀၀၀ နှင့် ကဖင်းဆေးပြား ၂၂၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN