ပေါ်တူဂီအသင်းက ဘော့စနီးယားအသင်းကို ငါးဂိုးပြတ်ဖြင့်အနိုင်ရရှိ

အောက်တိုဘာ ၁၈

       အောက်တိုဘာ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲစဉ်ရဲ့ အုပ်စုအဆင့်ပွဲစဉ်အဖြစ် ဘော့စနီးယားအသင်းနဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက ဘော့စနီးယားအသင်းကို ငါးဂိုးပြတ်နဲ့  အနိုင်ရရှိခဲ့ပါတယ်။

       အဲဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ငါးမိနစ်(ပင်နယ်တီ)နဲ့ မိနစ် ၂၀ တို့မှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုက နှစ်ဂိုး၊ ၂၅ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က တစ်ဂိုး၊ ၃၂ မိနစ်မှာ ကန်ဆယ်လိုက တစ်ဂိုးနဲ့ ၄၁ မိနစ်မှာ ဂျာအိုဖိလစ်က တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

      ပေါ်တူဂီအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး ၁၂၇ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

      ပေါ်တူဂီအသင်းဟာ ဘော့စနီးယားအသင်းကို ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပင် ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ် ပွဲစဉ်ရဲ့ အုပ်စုအဆင့်အုပ်စု(၂)မှာ ရှုံးပွဲမရှိစံချိန်နဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။

       ပေါ်တူဂီအသင်းအနေနဲ့ အုပ်စုအဆင့် ရှစ်ပွဲကစား ပြီးချိန်မှာ ရဂိုး ၃၂ ဂိုးရရှိခဲ့ကာ ပေးဂိုးနှစ်ဂိုးသာရှိခဲ့ပြီး တိုက်စစ်မှူး စီရိုနယ်လ်ဒိုကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စုအဆင့် ခုနစ်ပွဲမှာ သွင်းဂိုးကိုးဂိုး အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

      အခြားသော ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စုအဆင့်ပွဲစဉ်တွေမှာ အိုင်ယာလန်အသင်းက ဂျီဘရော်တာအသင်းကို လေးဂိုး-ဂိုးမရှိ၊ နယ်သာလန်အသင်းက ဂရိအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဩစတြီးယားအသင်းက အဇာဘိုင်ဂျန်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အိုက်စ်လန်အသင်းက လီချန်စတိန်းကို လေးဂိုး – ဂိုးမရှိ၊ ဆလိုဗက်ကီးယားအသင်းက လူဇင်ဘတ်အသင်းကို တစ်ဂိုး-ဂိုးမရှိ စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

#PAN