ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့တွင် မြန်မာ အသင်း မကာအိုကို သရေကစားပြီး နောက်တစ်ဆင့်တက်ရောက်

အောက်တိုဘာ ၁၈

        ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ပထမအဆင့်ခြေ စစ်ပွဲ ဒုတိယအကျော့အဖြစ် မကာအိုအသင်းနှင့် မြန်မာအသင်းတို့ အောက်တိုဘာ ၁၇ ရက်က မကာ အို၌ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိ သရေကျခဲ့သည်။

       ပထမအကျော့ အိမ်ကွင်းပွဲတွင် ဂိုးပြတ်အနိုင် ရထားသည့် မြန်မာအသင်းသည် အဝေးကွင်း၌ သက် သောင့်သက်သာကစားပြီး သရေရလဒ်နှင့်အတူ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ မြန်မာအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲတွင် အာရှအင်အားကြီးအသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

       မြန်မာအသင်းသည် ပထမအကျော့ကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဆန်းဆက်နိုင် (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ ဟိန်းဇေယျာလင်း၊ သက်ဟိန်းစိုး၊ နေမိုးနိုင်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ အောင်သူနှင့် ဝင်းနိုင်ထွန်းတို့ ပါဝင်ကစား ခဲ့သည်။ ပထမအကျော့တွင် ဂိုးပြတ်အနိုင်ရထားသည့် မြန်မာအသင်းသည် တိုက်စစ်ကစားသော် လည်း ဂိုးပြန်မပေးရရန်လည်း ခံစစ်ကို စနစ် တကျကစားခဲ့သည်။ မကာအိုအသင်းသည် အိမ်ကွင်း၌ကစားရသော်လည်း ထူးထူးခြားခြားလုပ်မပြနိုင်ဘဲ ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျနေသည်။

       ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစား သမားများပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့သည်။ မြန်မာအသင်းအနေဖြင့် ဂိုးရနိုင်သည့်အခွင့်အရေးများရသော်လည်း အသုံးမချနိုင်သဖြင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် မကာအိုအသင်းကို ပထမအကျော့ အိမ်ကွင်းပွဲတွင် ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသဖြင့် နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ဒုတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

        မြန်မာအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့နှင့် အုပ်စု(B) တွင် ကျရောက်မည်ဖြစ်သည်။

#PAN